နွေဦးသစ်ပင်
ခေါင်းအုံးပေါ်က လေညှင်းနွေးနွေးလေးတွေနဲ့
ငါ့အိပ်ရာထက်က နွေဦးရာသီ
ဆံနွယ်လေးတွေတောင် အရှက်နဲ့ နီမြန်းလို့
နေက စူးရဲတောက်ပလွန်းတော့လဲ
သိက္ခာတရားက မျက်စိကိုမှိတ်ထားရတယ်
သစ်ရွက်ညှာတံလေးကလဲ
မျက်လုံးလေးမှေးစင်းနေတယ်
ရွက်ကြောစိမ်းလေးတွေခမျာမှာတော့
လေပြေနွေးလေးတိုးဝှေ့လိုက်ရုံနဲ့ ကြွေကျတာပဲ
ပန်းကလေးရဲ့ ပွင့်လင်းမှုကို
အငုံအဖူးလေးရဲ့ နာကျင်မှုနဲ့ တန်ဖိုးထားလဲယူခဲ့တာလေ
နားရွက်ဖြူဖြူလေးဟာ
ခိုနားချင်စရာနွေးထွေးတဲ့ ဂေဟာ
ဆောင်းရဲ့ ချွေးဥလေးတွေကိုတော့
နွေဦးက သိမ်းဆည်းထားမယ်ဆိုပဲ
နွေဦးရဲ့ အရေးအသားဟာလဲ
အကိုင်းအခက်တွေထဲ အလှပဆုံးထင်ကျန်လို့
သစ္စာရေသောက်မြစ်မှ တဆင့်
ပင်စည်တလျောက် မမောမပန်းနိုင် ချီတတ်ကြတယ်
သစ်ရွက်လေးတွေ ရင်ချင်းအပ်
လှုပ်ခတ်နေကြတာကိုကြည့်ပြီး
ငါတို့အတူတကွ
ကြည်ကြည်နူးနူးရယ်မောဖြစ်တဲ့အကြောင်းပေါ့။ ။
( ရှိန်ဝါ )
Comment #1
လုလင် အားပေးသွားပါတယ်