စန္ဒယားတစ်လုံးရဲ့ ခရီးကြမ်း
@ အဖြူ နဲ့ အမည်းရောနေတဲ့ ခလုပ်တွေကြား
ဒဏ်ရာတွေသေလို့ ပြန်ဝင်စားတဲ့ သံစဉ်တွေ
ဖုန်တတ်နေတဲ့ အတွေးအခေါ် အဖုံးအောက်
ဖြူတဲ့ ခလုပ်လဲ နိမ့်ဝင်ရတာပဲ
မည်းတဲ့ ခလုပ်လဲ နိမ့်ဝင်ရတာပဲ။
@ သံဆူးကြိုးတွေ ၀န်းရံခံရတဲ့ စန္ဒယားမှာလဲ
လမ်းမပေါ်က မုန့်အကြွင်းအကျန်တွေ ကောက်နေတဲ့
အဘိုးအို၊ အဘွားအိုတွေ
ရေဒီယို သတင်းမှာ ပြတ်တောက်သွားတဲ့
မိသားစုချစ်ခြင်းတွေ
အလုအယက်မောင်းနှင်သွားတဲ့ ချွေးတပ်ဆွဲကားထဲ
” ငါမင်းကိုသိပ်ချစ်…………”
မေတ္တာ စကားတွေလဲ အလုအယက်လိမ့်ပါရတယ်။
@ ခွက်ထဲကလက်ကျန်
အသက်ဓါတ်တစက်နှစ်စက်မှာလဲ
ယောက်ယှက်ခတ်နေတဲ့အလံတွေရဲ့ အရိပ်တွေ
တိမ်မည်းဖုံးနေတဲ့ မြို့ပျက်ကြီးအောက်
တ၀ုန်းဝုန်း ပြိုကျနေတဲ့ တံတိုင်းတွေ
လူမျိုးစု အမှတ်တံဆိပ်ဟာ
ဈေးနှုန်း အတက်အကျကြမ်းလွန်းပါတယ်
အဲ့ဒီလို ကတ္တရာ လမ်းနီနီတွေပေါ်
ဂီတကိုပဲ ရေးခြယ်ချင်တဲ့
တကြောင်းဆွဲ ပန်းချီကားလေးကတော့
ထင်ရှားလှပပါပေတယ်။ ။
( ရှိန်ဝါ )
( The Pianist ရုပ်ရှင်ကားကို ခံစားရေးဖွဲ့သည်။ )
( အမှတ် ၉၊ သြဂုတ်လ၊ ၂၀၀၉ ၊ စတိုင်သစ် )
Comment #3
အားပေးသွားပါတယ်နော်……..
Comment #1
အဲ့ဒီလို ကတ္တရာ လမ်းနီနီတွေပေါ်
ဂီတကိုပဲ ရေးခြယ်ချင်တဲ့
တကြောင်းဆွဲ ပန်းချီကားလေးကတော့
ထင်ရှားလှပပါပေတယ်။ ။