“ ……… စိုးတယ် ”
“ ……… စိုးတယ် ”
ပြန်ကောက်နေရတုန်းပါပဲ
တစစီ တစစီ ပျံ့ကျဲ
ငါကိုက ကိုယ့်စိတ်နဲ့ကိုယ် လွဲခဲ့တယ်
ကဗျာဆိုတဲ့ အသံ မကြားချင်ဘူး
ချစ်သူ့ကိုယ်သင်းနံ့ ရောစပ်ထားတဲ့ ကာရံတွေမှာ
ပိတောက်နဲ့ငါ မိုးတွင်းကြီးလဲ ပွင့်ခဲ့တယ်
အစကတည်းက လွဲမယ်မှန်းသိရင်
ငါ နောက်ပြန်ချည်ခဲ့မှာပေါ့
သုညဆိုတာ ရှေ့မှာမနေသင့်မှန်း …….. မေ့ခဲ့
ချစ်ရတဲ့ ညီမလေးကတော့ သင်ပေးတယ်
လက်ပေးဆိုရင် …. ညာလက်ကို ပေးနော် တဲ့
အမှတ်မရှိတဲ့ ကောင်ပါပဲ
တဲရော့ကို ဆွဲအလှပ် ဘုရင်မကဒ်ရခဲ့တယ်
အချစ်ကို အနိုင်ကစားဖို့
မတွေ့ဆုံခြင်းကို ငါ ခိုးထားလိုက်တယ်
သူမိသွားတော့လဲ ရှုံးမြဲ ……
ချက်ခ် လို့ ပြောပြီး သူက ပြုံးတယ်
ဒီခြုံမြင်လို့ ဒီယုန်က တိုးခဲ့တာပါ ကောင်မလေးရယ်
ပြဿဒါးသစ်ပင် စိုက်ဖို့
နေ့ကောင်းရက်သာ ရွေးရွေးနေရ
ဘီလူးနက္ခတ်နဲ့ မွေးခဲ့တဲ့ အထွန်းဖွားပါကွယ်
အရောက်လာမယ်
တောမှောက်ချိန်နဲ့ တည့်တည့်တိုးမယ်ဆိုရင်တောင်
ဟောဒီကောင် အရောက်လာမယ်
ဘယ်တော့မှ လျော့သွားမှာ မဟုတ်ပါဘူး
ကိုဂျက်ရဲ့ သီချင်းလိုပေါ့ …
“ နှလုံးသွေးများ ရပ်တန့်သွားပါစေ ချစ်နေမယ် ”
အမှောင်ကြုတ်ကြုတ်မှာ
မင်းစုတ်ဖြဲသွားတဲ့ အသည်း
သွေးရဲရဲ သံရဲရဲနဲ့ လှ ……. လို့
သီချင်းတပုဒ်နဲ့ အစိမ်းချုပ်ချုပ်ခဲ့ပါတယ်
ကံကြမ္မာက မျက်ရည်ခံမှဲ့နဲ့လား
စိတ်လိုလက်ရပဲ လက်ဆွဲနှုတ်ဆက်ခဲ့ပါတယ်
မပြောတော့ဘူးလို့ပါပဲ
ညီမလေးရေ ……
မင်း ပါးမို့မို့ထက်က သနပ်ခါး
ကိုယ့်ကဗျာနဲ့ ပါးကွက်လေး ကြားပေးချင်တာ
နေခြည်ပူမှာ စိုးလို့ပါ ……………..
ချီရွန် ( ပုလဲ )
ကျွန်တော် ချီရွန်ရဲ့ တစ်ဦးတည်းသော ချစ်ရတဲ့ ညီမလေး အတွက် အမှတ်တရ
Comment #4
ကဗျာအစ အလယ် အဆုံး
အားလုံးကောင်တယ်
Comment #9
ဟုတ်တယ်ခင်ဗျ။ ကျွန်တော့်ရဲ့ တဦးတည်းသော ချစ်ရတဲ့ ညီမလေးပေါ့။ကျွန်တော့်ရဲ့ ကဗျာလေးတွေကို သူပဲ အရင်ဆုံး ခံစားခွင့်ရပြီး သူပဲ ကျွန်တော့် ကဗျာတွေရဲ့ ပိုင်ရှင်ဖြစ်လို့ပါ။ သူက သိပ်တော်ပြီး ကျွန်တော့်အတွက် မရှိမဖြစ်ပါပဲ။ အားပေးကြသူအားလုံးကို ကျေးဇူးတင်ပါတယ်။
Comment #10
ချက်ခ် လို့ ပြောပြီး သူက ပြုံးတယ်
ဒီခြုံမြင်လို့ ဒီယုန်က တိုးခဲ့တာပါ…..
………………………………………..
Comment #11
ချက်ခ် လို့ ပြောပြီး သူက ပြုံးတယ်
ဒီခြုံမြင်လို့ ဒီယုန်က တိုးခဲ့တာပါ ကောင်မလေးရယ်
နောက်တခေါက် ဆရာ
Comment #1
ရွေးထုပ်ပြီးပြလို့မရအောင်ကို…စကားလုံးတိုင်း…အပိုဒ်တိုင်း..ကောင်းတယ်..ဗျာ
ပညာယူစရာတွေတွေ့ ရတယ်…လေးစားပါတယ်….အကို