သို့ ကဗျာဆရာ
ရုန်းလိုက်တိုင်း အကန်ခံရတာက
ပုန်းနေတာထက် ပိုကောင်းတယ်မလား။
သံလမ်းနဲ ရထားဘီးကြား၊ မှန်လုံခန်းနဲ့  ခန်းဆီးကြား၊
သွေးဖြူနဲ့ သွေးနီကြား၊
ရယ်သူနဲ့  ဝယ်သူကြား၊ ငိုသူနဲ့ ယိုသူကြား၊မှားကြ မှန်ကြ စားကြ အန်ကြ။
လက်တစ်ဖက်အတွက် အသက်တစ်သက်ပြန်ပေးရ၊မျက်စိတစ်ဖက်ကွဲစေလို့ 
မျက်လုံးကဋေပြန်ပေးရ၊ ဆန်တစ်စေ့ကြောင့်၊စပါးပင်တစ်ထောင်ပြန်ပေါက်ရ၊
ကံကြမ္မာဆိုတာ တစ်ကျပ်ခိုးရင်၊ တစ်သိန်းဖိုးပြန်လျော်ရမျိုး။
လွှသွားကထက်တယ်၊ လျှာဓားမက ခက်တယ်၊ လက်ဓားပြက ဖွက်တယ်။
ရွာမှာ နွားမတစ်ကောင်ကို ခုနှစ်သိန်းပေးတယ်။
အစိတ်သားတောက်တဲ့တစ်ကောင်ကို ဆယ်သိန်းပေးတယ်။
ငထွန်းက ကျွဲနိုပုလင်းလုသောက်ရင်း အသက်ပေးရတယ်။
မြို့ ပြက ပန်းရံမခမျာ မဆလာသယ်ရင်း နေပူထဲ သေရတယ်။
ဟစ်တလာနဲ အိုက်မခန်းက
လူခြောက်သန်းရဲ့ အသက်ကို ယူတယ်။
မဟတ္တမဂန္ဒီ တို့ ဆီက ဗိုလ်ချုပ်အောင်ဆန်း သူတို့ အသက်ပန်းကို ပေးလုတယ်။
တစ်ချို့ က ဒါန အတုအတွက် နာမည်အစစ်ကို လုတယ်၊
တစ်ချို့ က ကျေးဇူး စကားပင်မဆိုတတ်တဲ့ 
လမ်းဘေးက ခွေးငတ်မကို အစာကျွေးတယ်။
အကျိုးမပေးသေးတဲ့  ဒုစရိုက်က၊
အမြိုက်ရသကို ပေးတယ်။
ကိုယ်စိုက်ထားတဲ့ မျိုးစေ့က ကိုယ်နဲ့ ထိုက်တဲ့  အသီးကိုပေးတယ်။
- ကဗျာဆရာဆိုတာ၊
ရာဇဝတ်ကောင် နမ်းတဲ့ ပန်းတစ်ချင်း၊
နံ့ သာထင်းလို ပြာဖြစ်သည်အထိ မွှေး၊ ဆေးဖြစ်စေတဲ့  အက္ခရာ
မုန်းတိုင်းထဲ မှာလည်းထွန်းလင်း၊
မီးတွင်းထဲလည်း သီချင်းဆို………။
- ကဗျာဆရာဆိုတာ၊
အအေးဒဏ်ကို မထောက်ဘူး
ဘေးရန်ကို မကြောက်ဘူး
အပူဒဏ်လည်း ထီမထင်ဘူး
အယူခံလည်း မဝင်ချင်ဘူး၊
အမှန်တရားပေါ်ပေါက်ရေး
တေးပဉ္စင် ဖန်ဆင်းပြီးပျံ၊
စကြာဝဠာနံရံမှာ ကမ္ပည်းထိုး၊
မိစ္ဆာနတ်ဆိုးကို တိုက်ဖျက်တယ်။
- ကဗျာဆရာဆိုတာ၊
ပါးရိုက်လို့ နားပြန်မကိုက်ဘဲ
ရိုက်တဲ့ လက်ကို ပြန်ဖက်နမ်း
ဘဝကြမ်းတိုင်းအတွက် ရတနာ….။
- ကဗျာဆရာဆိုတာ၊
ရန်ဖြစ်လိုက် ပြန်ချစ်လိုက်မလုပ်ဘူး။
ရန်ဖြစ်သူတွေကို စံပြချစ်၊
အပြစ်ပြု သူတွေကို အကြင်နာ၊ ကမ္ဘာမြေအတွက် ကျောခင်း၊
လိုအပ်သူတိုင်းနင်းဖြတ်စေ………။
- ကဗျာဆရာဆိုတာ၊
ကြပ်ချင်ကြပ် ချောင်ချင်ချောင်
မရှောင်တန်း ရှေ့ကတိုး၊
ဓားကျိုး တစ်လက်နဲ့  ပန်းတရာပျိုး၊
နာဂစ်ဆိုးကိုတောင် အန်တု
ဘာဆို ဘာကိုမှ မမူ့ တဲ့ သူ……..။
- ကဗျာဆရာဆိုတာ၊
အသပြာ မခင်းဘူး။
ကဗျာနဲ့ လမ်းရှင်း၊
နွေ နေ့ ခင်းထဲ မတ်တတ်ရပ်၊
ရတတ်ပွေ ခိုကိုးသူကို ၊ အကိုင်းချိုးခံပြီး အရိပ်ပေး၊
သူ့ တစ်ကိုယ်လုံးဟာ သွေးတိတ်ဆေးပေါ့………။
- ကဗျာဆရာဆိုတာ ၊
အချစ်သူရဲ ကောင်းမဟုတ်ဘူး။
စစ်သူရဲ ကောင်းမဟုတ်ဘူး။
သွေးစုတ်ဖုတ်ကောင်မဟုတ်ဘူး။
လူတိုင်းအတွက် သွေးထုပ်ပေးတဲ့ 
အတွေးထုပ်ပေးတဲ့ 
ခောတ်ရဲ့ သူရဲကောင်းဖြစ်တယ်။
- ကဗျာဆရာဆိုတာ၊
စခန်းမရွေးဘူး။
လမ်းမရွေးဘူး။
အနမ်းတို့ ဝေးနေရင်တောင်
အမှောင်ညမှာ
တစ္ဆေ တစ်ကောင်လို ရုန်းထ၊
ကဗျာ နဲ ပဉ္စလက် က တယ်။
- ကဗျာဆရာဆိုတာ၊
အကြောင်းမရွေးဘူး
အခေါင်းမရွေးဘူး
ဂျိုမပေးဘူး
ဒဲ့ မရိုးဘူး
တိုးတိတ်ညင်သာ ဝေဒနာနဲ့ ဘဝ၊
တစ်သားထဲ ကျချင်ကျ၊
ရပိုင်ခွင့်ကို မေ့၊ ပေးဆပ်ဖို့ ပဲ သတိရ၊
လောကလှဖို့ ဘဝကို ပစ်
ချစ်တတ်လိုက်တာလဲ လွန်ရော။
- ကဗျာဆရာဆိုတာ၊
အယူမစောင်းဘူး၊
မူမပြောင်းဘူး။
လူမရောင်းဘူး။
ဂူမအောင်းဘူး။
သူတို့ ဦးခေါင်းဟာ….
ပုတ်ပွဟောင်နံ ရောဂါတို့ ရဲ့ မြစ်များဟာ ဘာ၊ ကုစားရာက ဘာ၊
မြန်မာတို့ ရဲ့ ထမင်း ချွေးပြင်းနံ့ တို့နဲ့  ငန်တာ၊
မော့ကြည့်စရာပဲ ရှိပြီး ငုံ့ ကြည့်စရာမရှိတာ၊
အသက်ကယ်သူက သတ်သူထက်ပိုမို အဖိုးတန်တာ၊
ရေမဲ့ ငါးမဲ့ အိုင်အိုကြီးက ဗျိုင်းဖြူတို့ နဲ့  ငိုငြီးတာ၊
ပျက်ပြုန်းစ အဆစ်တို့က အချစ်မဲ့ တဲ အချစ်တို့နဲ့ ဖွင့်ထားတဲ တံခါးဝမှာ၊
လွမ်းဖို့ မကြိုးစားတဲ့  အလွမ်းတို့က အလွမ်းတို့ရဲ့  လမ်းမထက်မှာ၊
တုန်ချည့်စုတ်ပြတ် ဟောက်ပက်ပုတ်ဟောင် နေလောင်းအသားမဲ့  အရိုးဆီက
\”စွန့် ကြဲ ကြပါ၊ မနက်ဖြန် သဘက် သေရတော့မှာပါ။\”
လက်ပိန်တစ်ဖက်က တောက်ဝှေးဖက်ရင်း၊
နံ ရိုးကြားက နာကျင်သက်ပြင်းထွက်ရင်း၊
\”အရပ်ကတို့ ပေးကြပါ ကမ်းကြပါ\” ၊
အစာရှာမရလို့ အရိုးငေါ့ငေါ့ ထွက်နေတာက ဖြေစရာပုစ္ဆာ ၊
ကြောက်စိတ်နဲ့ သွက်ချာပါဒဖမ်းရင်း၊
ချောင်းဆိုးရင်း အကြောဆွဲရင်း လက်ဖြန့် ရင်း
မျက်ရည်နဲ့ မူန်ရီနေတဲ့ မျက်လုံးနီကို ပွတ်ရင်း၊
ငယ်ရွယ်နုပျိုသူတို့ရဲ လတ်ဆပ်တဲ့ မြေပုံတွေက သင်္ချိုင်းမြေမှာ၊
မနှစ်တုန်းက သဂြိုဟ်စရိပ်ပေးပေမယ့်  သုဘရာဇာတွေက အလောင်းတွေကို လက်မခံတော့တာ၊
လင်းတတောင်ပံမှာ သုဿာန်မီးဖို့ က လူးကျံခဲ့ တဲ့ ပြာ၊
ညိုပြာပြာနှင်းဆီအလင်းက အနက်ရောင်ညကို လက်ရောင်ပြ ခိုးယူသွားတာ
အမှားသတင်းနဲ့ အစွယ်ထွက်နေတဲ လမင်းက ပြတင်းပေါက်နားမှာ
ယူကျုံးမရလျှောက်သွားနေတဲ့ ခြေမဝါးမဲ့ ခြေထောက်တွေရယ်၊
ရေဗူးပြေးကောက်ရင်း ရထားကျိတ်ခံရတဲ့ ခြေထောက်မဲ့ ခြေထောက်တွေရယ်၊
သမ္မတ အိုဘာမားကိုယ်တိုင် ရုံ ဝင်ခပေးကြည့်တဲ့ ဖိလစ်ပိုင်က ပက်ကွီအိုရဲ့ လက်သီးရယ်၊
နှလုံးသားက အဖျားဝင်နေတဲ့ သွေးစက်ရယ်၊
နွားကျောင်းနေတဲ့ ဘွဲ့ ရလုံမပျိုရဲ့ တက္ကသိုလ်အလွမ်းများရယ်၊
ကမ္ဘာဖလားဘောလုံးပွဲအတွက် ကာတာနိုင်ငံက တည်ထွင်ထားတဲ့ မိုးတိမ်အတုရယ်၊
အီရန်နိုင်ငံခြားရေးဝန်ကြီး အက္ကာဘာဆာလေဟီပြောတဲ့ နျုးကလီးယားဓာတ်ပေါင်းဖိုက
လျှပ်စစ်ဓာတ်အားထုပ်လုတ်မူ့ အကြောင်းရယ်၊
ဆေးရုံ ပေါ်က အမေ့ ဆေးဖိုးအတွက် သူများဖိနပ်ခိုးနေတဲ့  အမေချစ်သမီးရယ်၊
သား ကျောင်းတက်ချင်တယ် မေမေ လို့အော်နေတဲ့  အဝတ်လျော်သမရဲ့  ပညာငတ်သားလေးရယ်၊
အကုသိုလ်ကျရောက်ရာအရပ်က ကျိန်စာသင့်ဘဝတွေ ရယ်၊
ထင်တယ် မြင်တယ်၊
ပြင်တယ် ဆင်တယ်။
ဆိုတော့……
သို့  ကဗျာဆရာ…
တောင်းတိုင်းမပေးမှန်းသိပါရဲ့ ၊
မပေးလည်းတောင်းရမှာပ၊
နွမ်းလျရင်ခုန်သံ၊
အဝစားလောကဒဏ်တွေ နဲ့ ၊
မြန်မာဆန်တဲ့ ကျွန်ုပ်ကို၊
ကဗျာတစ်ပုတ်တော့ပေးခဲ့ ပါ။
နိုဝင်ဘာ(တန့်ဆည်)
(မြန်မာနိုင်ငံသားတိုင်းကို ကဗျာဆရာဟု တင်စားရေးသားထားပါသည်)