*!* အတွေးအခေါ်များနဲ့ကခုန်ခြင်း *!*
*!* အတွေးအခေါ်များနဲ့ကခုန်ခြင်း *!*
ကဲမိတ်ဆွေ.. ငါ့ကဗျာထဲကိုအလည်သွားကြမယ်..
လောဘ နဲ့ မာန တွေကိုမီးရှို့ခဲ့ကြ..ပြီးရင်အတွေးချင်းဆိုင်ပြီးလေတိုက်ကြမယ်..
နယူတန်နိယာမအကြောင်း ငြင်းကြခုန်ကြမယ်…
အက္ခရာတွေနဲ့မီးနီဖြတ်မောင်းကြမယ်…
တချို့အမှန်တရားတွေကို မသိချင်ယောင်ဆောင်ပြီး ပါးပါးလေးမှားကြမယ်…
ဟစ်တလာနဲ့ဘင်လာဒင်ကညီအစ်ကိုတစ်ဝမ်းပဲကွဲတယ်..
ဟုတ်ပါ့မလား ဆိုတာကြီးကိုခေါင်းပေါ်ရွှက်မထားနဲ့ “ရင်ဘတ်နာမယ်”…
ငါ့ကောင်ရေ… မင်းလက်ထဲကပဲ သက္ကရာဇ်တွေတစ်ခုပြီးတစ်ခုထွက်ကျနေတာ
“သွား”မနာဘူးလား…
ရှာကြ .. ငါ့ကဗျာထဲရောက်တုန်း ဆေးပေးမီးယူကိုတွေ့အောင်ရှာကြ…
ကိစ္စတော့မရှိပါဘူး ခေတ်ကာလကိုက လိုနေတဲ့နံရိုးနေရာ
စတီးချောင်းအစားထိုးလို့ရနေပြီပဲ…
ဟိုတစ်လောကတောင် ” ကံတရား”ဆိုတဲ့ငနဲ အိမ်ရှေ့ကဖြတ်လျှောက်သွားတာတွေ့လိုက်တယ်..
လောကဓံ ကတော့ကလေးဆန်ဆန် ညနေခင်းနဲ့အချိုတည်းနေလေရဲ့..
မိတ်ဆွေ…
တိတ်ဆိတ်မှု့ကအကျယ်လောင်ဆုံးအသံပဲဆိုတာလက်ခံရင်..
အော်ကြီးဟစ်ကျယ်တွေခဏလောက်ရပ်ပေးလို့ရမလား..
နာရီလက်တံဟိုဘက်နည်းနည်းတိုးပြီးယုံထိပဲ…
ပိန်ချိုင့်နေတဲ့ ပစ္စုပ္ပန်ကို ဖုန်ခါပြီးပိုးသတ်ဆေးဖျန်းလိုက်တယ်..
ညရေ… စောစောအိပ်ဟ…နေမင်းမြင် မှ ကမူးရူးထိုးနဲ့ ငါ မနက်ခင်း ပါလာမလုပ်နဲ့..
ဟော… ပြောရင်းဆိုရင်း မျက်နှာသစ်မထားတဲ့ကြက်က အုန်းမောင်း ထခေါက်နေပြီ..
ကဲ အားလုံးပဲ ဘိုင့်ဘိုင်.. ကိုယ့်သမိုင်းထဲကိုယ်ပြန်ဝင်ကြစို့…။ ။
မှတ်ချက် ။ ။ စိတ်ခံတွင်းလေးတွေ့တာနဲ့ အက္ခရာတွေကိုရင်ဘတ်ပေါ်
တင်ပြီး မီးနီဖြတ်မောင်းကြည့်လိုက်တာ..
မော်ဒန်အက်ဆေးလေးတစ်ပုဒ်ဖြစ်သွားတယ်ထင်ရဲ့
သူငယ်ချင်းအားလုံးကိုလေးစားချစ်ခင်လျှက်
ဒီလူ(တောင်တွင်းကြီး)
Comment #1
အကျိုးနည်းကြိးဗျာ မိုက်တယ်ဗျို့ အရမ်းကြိုက်တယ်ဗျာ