“သုညသည်သာ နောက်ဆုံးဖြစ်၍ … သုညသည်သာ အစကနဦးဆုံးဖြစ်ကြောင်း …”
မျောခဲ့ရတာ မြစ်ကျိုးအင်းဘယ်နှစ်ခုတောင်
ငါ့ဘဝမှာ လက်ပစ်စံချိန်ချိုးခဲ့ပြီလဲ …
ကွေ့ကွေ့ကောက်ကောက်
ဒီမြစ်ရိုးတစ်လျှောက်စုန်လာလိုက်ရတာ …
စုန်သာ စုန်ခဲ့ရတယ် …
ကျွန်တော့်မှာ မ နဲ့ ဝေးခဲ့ရတယ် …ဆိုတာကို
မယုံနိုင်သေး …
မျောသာမျောခဲ့ရတယ် …
ဖြေသာစကားမြစ်တွေထဲမှာ
ကျွန်တော့်နာမည်အခုထိမပျော်ဝင်နိုင်သေး …
မနက်ဖြန်တွေကို မေးရက်ပါဘဲ …
ဒီဒဏ်ရာ ပြန်ကောင်းအောင် ကုသပေးနိုင်မလား …လို့ …
ရင်ခုန်သံတွေ လွင့်မျောတဲ့
ကောင်းကင်ကြီးမှာ ကွဲရှရာ မဖြေသာ၊
ပက်လက်ဟနေတဲ့ ဒဏ်ရာ …
ဘေးနားမှာ အပ်လေးတစ်စင်း …
ဘယ်တော့မှ ထွက်သွားနိုင်မှာ မဟုတ်လို့
သက်သေခံပစ္စည်းလေးပေါ့ …
အိပ်မက်တွေထဲမှာ အဲဒီအပ်တစ်စင်းကို
လုံလုံခြုံခြုံသိမ်းဆည်းထားတယ် …
အပ်လေးက တခါတလေညည်းရှာပါတယ် …
“ မောင်လေး …မ ကို ထွက်သွားခွင့် ပြုပါတော့ …” …လို့ …။…
ညအမှတ်ထောင့်ငါးရာ …
ပိုင်ဆိုင်တဲ့ ကဗျာဆရာ …
အိပ်မက်တွေ ပြန်ပေးဆွဲမှုနဲ့ …
စာရွက်တွေပေါ် ဘောပင်တစ်လက်နဲ့ ကားစင်တင်ခံရတယ် …
သံယောဇဉ်တွေ …
အတိတ်တွေ …
မ စကားသံတွေကတော့ သူ့ကို လှောင်လို့ ရယ်လို့ …ပေါ့…
သူလေးကျေနပ်ပါတယ် …
တစ်စထက် တစ်စ …၊
ကွဲရှလာတဲ့ ဒဏ်ရာတွေကို ညင်သာစွာပွတ်ထူရင်း …
ညှီစော်နံ သူ့သွေးဒိုင်ယာရီတစ်ပုဒ်ကို ပစ်ချလိုက်တယ် …
ဒိုင်ယာရီနောက်ဆုံးမှာ …
စာလုံးလေးတွေ ခွင်းထားတာက …
“ ငါ့အတိတ်တွင် တိတ်တိတ်ဆိတ်ဆိတ် မ အိပ်နေစဉ်
မသိမသာ ရင်ခုန်သံများအား သူ့အတွက် …
ပက်ဖြန်းပေးခဲ့ပါသည် …ကုန်ခမ်းသွားသောာ
ထိုရင်ခုန်သံရနံ့များသည် မ အားခစားမည့်
တစ်သက်တာ မွှေးကြိုင်ရနံ့များသာ …”
Comment #1
မျောခဲ့ရတာ မြစ်ကျိုးအင်းဘယ်နှစ်ခုတောင်
ငါ့ဘဝမှာ လက်ပစ်စံချိန်ချိုးခဲ့ပြီလဲ …
ကွေ့ကွေ့ကောက်ကောက်
ဒီမြစ်ရိုးတစ်လျှောက်စုန်လာလိုက်ရတာ …
စုန်သာ စုန်ခဲ့ရတယ် …
ကျွန်တော့်မှာ မ နဲ့ ဝေးခဲ့ရတယ် …ဆိုတာကို
မယုံနိုင်သေး …
မျောသာမျောခဲ့ရတယ် …
ဖြေသာစကားမြစ်တွေထဲမှာ
ကျွန်တော့်နာမည်အခုထိမပျော်ဝင်နိုင်သေး …