ကျွန်တော်မောင်မျဉ်း (သက်ထွေး)
ခပ်ပါးပါး
မျဉ်းတစ်ကြောင်းကို
ထူထဲထဲ
ပုဒ်မ တစ်ခုကလှောင်ရယ် ….
“မင်း ပြီးဆုံးခြင်းက
အလျားလိုက်ကြီးပါလားကွ”
ငါ့လိုခပ်ပြတ်ပြတ်
မတ်မတ်ရပ်ရင်း
ဘဝတစ်ခုကို အဆုံးသတ်ပစ် စမ်းပါ။
(သူပြောသလိုမျိုး)
ကျုပ် အလျားလိုက်ကြီးတွေးတယ်
“ငါ့စတင်ခြင်းက ဘယ်မှာလဲ ..”
ဘယ်မှာအစပြုပြီး ..၊
ဘယ်မှာအနားသတ်ခဲ့တာလဲ ..၊
ဘာကြောင့်များအဆုံးသတ်သွားခဲ့တာလဲ ..၊
(အလျားလိုက်)
မေးခွန်းတွေ ခေါက်သိမ်းရင်း
ခေါင်းလို့ ထင်ရာကို မတ်
ခြေထောက်လို့ ထင်တဲ့ အရာပေါ်မှာ
ကျုပ်ရပ်ခဲ့တယ် …။
စကားလုံးအချို့
တစ်ယောက်ကို တစ်ယောက်
မေးငေါ့ရင်း
ကျုပ်အောက်မှာ
ရေးရေးလေးကျန်ခဲ့ ..
လက်မပြပဲ
ကြွေကျတတ်တဲ့
နှင်းဆီဝါ တစ်ဖပ်လို့
ကျုပ်ကို ယူဆထားပုံရတယ် …။
မကွေးမဖြောင့်
စကားလုံး တွေကြားထဲ
ထိုးထိုးထောင်ထောင်
ကိုးလိုးကန့်လန့် ကောင်ကြီးရယ်လို့
သူတို့
ကျီစယ် သမုတ်ကြပြန်တယ် ..။
ဆန္ဒဆိုတာ
စိတ်ကူးယဉ်လို့သာ ကောင်းတဲ့
နန်းထက်က ပွဲအုပ်တစ်အုပ်ဆိုတာ
ကျုပ် အနံ့ခံရုံနဲ့
မသိတတ်ခဲ့ဘူး ..။
မာန်မာနဆိုတာကို
လက်သပ်ပြီးသာ မွေးတတ်ခဲ့ရင်
ကျုပ်အစွယ်တွေက
သွေးထက် နေကြမှာပဲ ..
အခုတော့ အတ္တ
ဘေးရမ္မက်ကြောင့်
ကျုပ် ဘေးထွက်လို့ ထိုင်နေရပြီ။
သက်ထွေး
ည ၁၁း၂၂ ဒီဇင်ဘာ ၁၇ ၂၀ဝ၇
Comment #1
Hi bro,
I like this poem so much and may i copy & save it please.
thanks.
thazin