ကိုဆိုဗို အိမ်မက်
မီးရှူးမီးပန်းတွေ ဖောက်သလိုပဲ
ကြောက်စရာကောင်းမှန်း မသိရင်တော့ လှတယ်
ညက တစ်ကယ်လထွက်ရဲ့ လား
ပညတ်တားမြစ်ချက်တွေကြောင့် မသိဘူး
သဘာဝကို ခံစားဖို့လဲ အရသာမရှိဘူး
ညဉ့်ဦး နဲ့ မိုးသောက်ယံ ရောက်ပြန်လဲ
နံရံတွေကြားမှာပဲ ကူးလူးဖြတ်သန်း
အမှောင်ဆိုတာ ငါတို့ သက်တမ်းတစ်ဝက်လောက်ရှိနေပြီ
ညက အိမ်မက်မက်တယ်
ကျောင်းတွေ တစ်ကယ်ပြန်ဖွင့်လို့ တဲ့
သူငယ်ချင်း အသစ်တွေနဲ့ လျှောက်လည်
ငါတို့ နေတဲ့ ကမ္ဘာ က အကျယ်ကြီး ပဲ
ဟော … ကြည့် လိုက်စမ်းပါဦး
ယမ်းမီး ကျည်ဆန် အငွေ့ အသက်တွေလဲ မရှိ
အမုန်းမီး အာဃာတ ဆိုတာလဲ နတ္ထိ
မသိရင် စစ်ပွဲ ဆိုတာ ဂျို နဲ့ လားမေးရမယ်
အပျော်လေး မှ တစ်ကယ် မဆုံးသေးဘူး
ဝုန်းဝုန်းဒိုင်းဒိုင်း အသံတွေကြား
ကြည်နှုးခြင်းတွေ ဆိတ်သုဉ်းသွားပြီ
သား နဲ့ အမေလဲ အမှောင်တွေ ပိတ်ဖုံးလို့ ဝေးသထက်ဝေး
ခြေဖျားလက်ဖျားတွေ အေးစက်
အနွေးဓါတ်ဆိုတာလဲ မရှိတော့
တိတ်ဆိတ်ခြင်းအတိ ပါတ်ဝန်းကျင်မှာ
ငါ့မျက်လုံးတွေလဲ စေ့စေ့ပိတ်
သည်လို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ချင်တာ ကြာလှပြီ ။ ။
Comment #1
ငါ့မျက်လုံးတွေလဲ စေ့စေ့ပိတ်
သည်လို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ချင်တာ ကြာလှပြီ ။