အသက်ရှုဝမဲ့ဘဝ (သက်ထွေး)
ပြုံးသူတို့ရဲ့ မနက်ခင်းတစ်ခုနဲ့
ယှဉ်ရင်တော့
ကျွန်တော့်ဘဝက
အကျည်းတန်လိမ့်မှာပေါ့
သူတို့လို ပေါင်ဒါလူးမယ့်အစား
ဒီကောင်ကြီးက
ရေဘော်ပဲ လှိမ့်ထိုးခဲ့တာကိုး ။
ဝေးလွင့်ခဲ့ ….
ဒဏ်ရာတွေ အရေလိုပျော်ရင်း
ဝေးလွင့်ခဲ့ ….
မနက်ဖြန်အတွက်
ယနေ့တွေကို ရပ်တည်ပေးရင်း
ကျွန်တော် သိုးမည်း
ကိုယ့်ကိုယ်ကို
မဲနယ် ဆိုးရက်ခဲ့ပြီ။
လေချွန်ရင်းနဲ့တော့
ကျွန်တော် မျက်ရည်မကျတတ်ဘူး
ဘယ်လို အိုင်မျိုးမှာ
ဘယ်လို လှိုင်းမျိုးတွေ လှိမ့်ပျော်ခဲ့လဲ
ဂစ်တာ တစ်လုံး
ကြိုးပြတ်တဲ့ အထိ
မဟူရာ သံစဉ်တွေ
ကျွန်တော် ညှိနေခဲ့မိတယ် ။
ခဲကျလို့
အနယ်ထခဲ့ရ
ဘဝဆို တဲ့ ရစ်လုံးထဲ
ဘယ်စွန်တွေ ကြိုးတပ်ခဲ့ပြီး
ဘယ်လိုစွန်တွေ ကြိုးပြတ်ခဲ့လဲ ..
လက်နှစ်ဖက်ထဲနဲ့များ
ဘာတွေ ရွေးချယ်ရ
ခက်နေကြခဲ့လဲ ..
ခြေထောက်နှစ်ဖက်ပဲ မို့
သူတို့
ရပ်တည်ရ ခက်ကြလို့တဲ့။
မျက်မှန်မတပ်ပဲ
မြင်ရသလောက် သာ
ကျွန်တော် ကြည့်ခဲ့ပါတယ် ..
ဖြစ်နိုင်ရင်
ငါးတစ်ကောင်လို
ပြည့်ပြည့်ဝဝ
ကျွန်တော် အသက်ရှုချင်ပါတယ်။ ။
သက်ထွေး
ဖေဖေါ်ဝါရီလ ၁၅ ညနေ ၆း၂၉ ၂ဝဝ၈
Comment #2
ခဲကျလို့
အနယ်ထခဲ့ရ
ဘဝဆို တဲ့ ရစ်လုံးထဲ
ဘယ်စွန်တွေ ကြိုးတပ်ခဲ့ပြီး
ဘယ်လိုစွန်တွေ ကြိုးပြတ်ခဲ့လဲ ..
ကိုသက်ထွေး ကဗျာလေးတွေကောင်းတယ်
Comment #1
ကို သေးထွက် အဲ မွှားလို့ ကိုသက်ထွေးက စာရေးတာ တော်တယ်နော် မိုက်တယ် စကားလုံး သုံးထားတာတွေက ခိုက်ချင်စရာလေး