Professional Authors

ရိုစီရဲ့ကမ္ဘာ

ရိုစီ….
မင်းအသက်က နှစ်ဆယ်
နူးညံ့ရွှန်းစိုတဲ့နှုတ်ခမ်းတစ်စုံနဲ့
တောက်ပတဲ့မျက်လုံးရွဲတွေနဲ့
ဖွံ့ထွားတဲ့ရင်နှစ်မွှာနဲ့
ကုန်ကုန်ပြောရရင်
မင်းဟာ လတ်ဆတ်တဲ့မိန်းမတစ်ယောက်ပဲ

ရိုစီ….
သနပ်ခါးရေကြဲလေးလိမ်းလို့
ချွေးနံ့လေးတသင်းသင်းနဲ့
ကောက်စိုက်သီချင်းကို မင်းဆိုခဲ့ဖူးတယ်

ရိုစီ….
ရင်ဖုံးအင်္ကျီယောထဘီနဲ့
ယောဂီတဘက်လေး ပုခုံးမှာတင်လို့
ဆွမ်းချိုင့်သွားပို့တဲ့မင်းရဲ့ဂုဏ်သရေအောက်
ရွာကာလသားတွေ ဒူးထောက်ခဲ့ဖူးတယ်

ရိုစီ….
ညနေချိန် ရေခပ်ဆင်းတော့
မင်းကြောင့် တစ်ခြားလှပျိုဖြူတွေ
အားငယ်ရှက်ရွံ့ခဲ့ဖူးတယ်

ရိုစီ….
မြစ်ရေတွေဟာ စီးဆင်းနေတယ်
ခေတ်ကြီးဟာ စီးဆင်းနေတယ်
ရွာမှာနေတုန်းက မင်းရဲ့ရွာလေးဟာ မင်းရဲ့ကမ္ဘာ
အခု မင်းရဲ့လောကဟာ ဘာလဲ
မင်းမိဘပေးတဲ့နာမည် မင်းမေ့တယ်

ရိုစီ….
မင်းဟာ ရပ်ရိပ်ရွာရိပ်နဲ့တောငွေ့တောင်ငွေ့ကို စစ်လိုမုန်းလို့
မင်းကိုယ်မင်း မြို့ကြီးသူတစ်ယောက်လိုအထင်ရောက်လို့
မင်းအနေအထိုင်အပြောအဆိုကအစ
ပြုံးဟန်ပြောဟန်အဆုံး မြို့ကြီးပြကြီးနံ့တွေ မွှန်ထူလို့

ရိုစီ….
မင်းမိဘတွေက ရိုးရိုးသားသား ဆင်းရဲတယ်
မင်း စိတ်မချမ်းသာဘူး
မင်းက အဆောင်နေပြီးကျောင်းတက်တယ်
မိဘတစ်လစာပို့တဲ့ငွေ မင်းလက်ထဲတစ်ပတ်ပြည့်အောင် မနေဘူး

ရိုစီ….
မင်းက ကျောင်းတက်တယ်
ကျောင်းသင်ခန်းစာတွေ မင်းမသိဘူး
ကျောင်းက မသင်တဲ့ဘာသာရပ်တွေ မင်းတစ်ဖက်ကမ်းခတ်တယ်

ရိုစီ….
မင်းမိဘက မင်းအပေါ်ထားတဲ့စေတနာ မင်းသိတယ်
မင်းပညာတတ်ဖြစ်ဖို့နဲ့ လူတစ်လုံးသူတစ်လုံးဖြစ်ဖို့
မင်းမိဘက မင်းအပေါ်ထားတဲ့စိတ်မချနိုင်မှုနဲ့ စိုးရိမ်မှုတွေ
မင်း မသိချင်ယောင်ဆောင်ခဲ့တယ်
ဖြစ်ချင်သလို ဖြစ်ပြီး ပျက်ချင်သလို ပျက်လို့

ရိုစီ….
ရွာကလူတွေ မင်းကိုမြင်ရင် မှတ်မိမယ်ထင်လား
မင်းဆံပင်တွေက နီလိုက်ဝါလိုက်ဖြောင့်လိုက်ကောက်လိုက်
ရင်သားမပေါ့်တပေါ်အင်္ကျီတွေဝတ်မှ လူရာဝင်တယ်ထင်တာလား

ရိုစီ….
မင်းက ဗုဒ္ဓဘာသာဝင်ပါ
မင်းက ဗမာလူမျိုးပါ
မင်းက ကျေးလက်ရဲ့သမီးပျိုပါ

ဘယ်မှာလဲ မင်းရဲ့နိဗ္ဗာန်ရှိရာဘာသာတရား
ဘယ်မှာလဲ မင်းရဲ့မြန်မာဆန်တဲ့ယဉ်ကျေးမှု
ဘယ်မှာလဲ မင်းရဲ့အဆင့်အတန်းမြင့်လှပါတယ်ဆိုတဲ့စိတ်အထားအသို

ယောက်ျားတွေနဲ့အတူ ဘီယာဆိုင်ထိုင်တာ မင်းရဲ့ခမ်းနားမှုလား
အပျင်းပြေဆိုပြီး ၀ိုင်ချိုချိုတစ်ခွက်ကိုသောက်တာ
မင်းဂုဏ်သိက္ခာရဲ့ထည်ဝါမှုလား

မင်းက မင်းကိုယ်မင်း လွယ်လွယ်လေး တွေးလို့
မင်းက ယောက်ျားတွေကို လွယ်လွယ်လေး တွေးလို့
မင်းက ဘ၀ကို လွယ်လွယ်လေး တွေးလို့
မင်းက အပျိုစင်ဆိုတဲ့ဂုဏ်သိက္ခာကို လွယ်လွယ်လေး တွေးလို့
မင်းမိဘမျက်နှာ မင်းပြန်မကြည့်ဘူး
မင်းကိုယ်မင်း မငဲ့ညှာဘူး

မင်းခေါင်းထဲမှာ ကိန်းဂဏန်းတွေချည်းပဲ
မင်းအတွေးထဲမှာ စိန်စီရွှေချထားတဲ့ခပ်လန်းလန်းဘဲတွေချည်းပဲ
အချစ်လို့ခေါင်းစဉ်တပ်ပြီး မင်းဘ၀မင်း ချရောင်းပစ်ခဲ့တယ်

ကဲ… အခု မင်းဘာလုပ်မလဲ

မင်းဟာ မီးမှိတ်မောင်းပြေးမယ့်ကားရှေ့မှာမှ
ကိုယ့်ဘ၀ကိုယ် စတေးပစ်ခဲ့သူ
မင်းဟာ ပန်းပွင့်ယောင်ဆောင်ထားတဲ့မီးတွင်းနက်ကြီးထဲ
အတင့်ရဲရဲ ခုန်ချပစ်ခဲ့သူ

မငိုနဲ့ရိုစီ…. မင်း မငိုနဲ့
မင်းရွေးချယ်ခဲ့တဲ့လမ်းမှာ ပွင့်နေတဲ့ငရဲပန်းကို မင်းပန်ဆင်ခဲ့ရတာပဲ
မင်းသင်ယူခဲ့တဲ့ဘာသာရပ်တွေရဲ့လက်တွေ့အသုံးချဗျူဟာကို
မင်း ကျွမ်းကျင်ခဲ့တာပဲ
မငိုနဲ့ရိုစီ…. မင်း မငိုနဲ့

ရိုစီ….
မှားခဲ့တာပဲဖြစ်ဖြစ် မိုက်ခဲ့တာပဲဖြစ်ဖြစ်
မင်းအတွက် ငါ စိတ်မကောင်းဘူး
ငါ ဒါပဲတတ်နိုင်တယ်

ရိုစီ….
ဒီကဗျာကို မင်းရဲ့ညီမလေးတွေဖတ်ပါစေ
မင်းမျက်ရည်တွေကို သုတ်လိုက်ပါ

                                               ကိုသျှား

In: ကဗျာ Posted By: Date: Nov 25, 2011
Comment #1

အားးးးးးးးးး……
အရမ်းကို နင့်နင့်နဲနဲခံစားရတယ်
အရမ်းကြိုက်သွားပြီ

commentinfo By: yaewintaung at Dec 31, 2011
Comment #2

မင်းခေါင်းထဲမှာ ကိန်းဂဏန်းတွေချည်းပဲ
မင်းအတွေးထဲမှာ စိန်စီရွှေချထားတဲ့ခပ်လန်းလန်းဘဲတွေချည်းပဲ
အချစ်လို့ခေါင်းစဉ်တပ်ပြီး မင်းဘ၀မင်း ချရောင်းပစ်ခဲ့တယ်
ကဲ… အခု မင်းဘာလုပ်မလဲ
ရိုစီ
အခုခေတ် ရိုစီတွေ ဆင်ခြင်နိုင်ကြပါစေ။
ဖတ်သွားပါတယ်။
အားပေးနေတယ်။

commentinfo By: gadounlay at Dec 31, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment