ခုနကနဲ့အခုတောင်မတူချင်တော့ဘူး
ရန်ကုန်ဆိုတာ လကုန်တာနဲ့ပုပ်သိုးသွားမယ့်
လက်ပတ်နာရီတစ်လုံးလို
ကမ္ဘာကြီးတစ်ခုလုံးလည်း ငိုဟယ်ရီဟယ်နဲ့။
လကုန်ရင်ပြန်မယ်ဆိုတာ
ကျနော်အမှတ်ပြည့်ရတဲ့မေးခွန်းရဲ့ညီမျှခြင်း
ပုခုံးပေါ်မှာထွန်းညှိထားတဲ့ဖယောင်းတိုင်ဟာ
အဆုံးသတ်ကိုကြိုသိနေရသလိုမျိုး
လင်းနေတုန်းခဏ…။
ခေတ်ဆန်ဆန်ပြီးဆုံးသွားတဲ့ကာလဟာ
သိပ်မြန်ဆန်ပါတယ်
ကိုယ့်ရင်ဘတ်ကိုကိုယ်ပြန်ဖိစမ်းနေရတဲ့
ဇာတ်သိမ်းခန်းက
ဒီလောက် ဖရိုဖရဲနိုင်လိမ့်မယ်လို့
ဘယ်သူကိုယ်ချင်းစာမလဲ
….
ခေတ်ဆန်ဆန်ပြီးဆုံးသွားတဲ့ကာလဟာ
သိပ်ကိုမြန်ဆန်ပါတယ်။
ရန်ကုန်ဆိုတာ
ကျနော်ပြီးအောင်မမက်လိုက်ရတဲ့အိပ်မက်
ရက်တွေဆက်နေတယ်ပဲထား
နေ့တိုင်းပြဿဒါးတွေဖြစ်နေတာတော့ခါးတယ်။
သြဂုတ်ဟာအချိုပေါ့နေတဲ့ပြက္ခဒိန်
ရေငွေ့ရိုက်ထားတဲ့မှန်တချို့ကလည်း
စို့စို့နစ်နစ်ငိုကြတယ်
လေယာဉ်ပျံတွေကပဲခေါ်ဆောင်လာကြ
လေယာဉ်ပျံတွေကပဲခေါ်ဆောင်သွားကြ
လှိုက်လှိုက်လှဲလှဲကိုမုန်းတယ်
မုန်းမိတယ်။
ဒီအခန်းဟာခရီးဆောင်သေတ္တာတွေနဲ့ပြည့်နေတဲ့
အသည်းခွဲခန်းဖြစ်တယ်
ကုန်ဆုံးသွားဖို့ အဖျားမှာညိုပြနေတဲ့
မီးချောင်းလည်းဖြစ်တယ်
လကုန်ရင်ဆိုတဲ့အဖြေကလည်း
ခနနေရင်ရယ်လို့ပြောင်းသွားတယ်
ဒီလိုပဲ… ကိုယ့်နတ္ခတ်ကိုကိုယ်
ဟားတိုက်ကြတယ်။
ခုနကနဲ့အခုတောင်မတူချင်တော့ဘူးဆိုတဲ့အသိကို
လေယာဉ်ပေါ်တက်ရင်း
မေ့ချင်ယောင်ဆောင်ထားလိုက်တယ်
မေ့ချင်ယောင်ဆောင်ပြီးထားခဲ့လိုက်တယ်။
နေပိုင်
၀၁.၁၁.၂၀၁၁