ကိုဇ(ချပ်သင်း)ရဲ့ ကဗျာတွေကို ကြိုက်လို့ ဖြန့်ဝေပေးတာပါ
( ဧရာဝတီရဲ့ သန်းခေါင်ယံပြဇာတ် )
ကိုဇ ( ချပ်သင်း )
– ၁ –
တရုတ်လာသည်
ယိုင်ယိုင်လော
ယိုင်ယိုင် ….
မြှားမိုးရွာသည်
ဖြိုင်ဖြိုင်လော
ဖြိုင်ဖြိုင် ….
( မြင်းစိုင်းကာချင်း )
– ၂ –
မဟာသီဟသူရ
တိမ်ကြားမင်းခေါင်
ဗလမင်းထင်
မင်းရဲသီဟသူ
အိမ်သူအိမ်သား
အစေအပါး
လက်ဆောင်ပဏ္ဏာတွေကိုရွတ်
လေးရက်တိတိနေလှမ်း
သူရဲဘောကြောင်သူစာတမ်းတွေနဲ့ ….။
( ကုန်းဘောင်ဆက် )
– ၃ –
ဟေ့ – ငဆောင်ချမ်းပျက်ပြန်ပြီလား
မြစ်စောင့်နတ်သမီးရဲ့
အလွမ်းမျက်နှာကိုမြင်လိုက်ရတယ်
ဒါ တစ်ခန်းရပ်ပြဇာတ်မဟုတ်ဖူး
လူမျိုးတစ်မျိုးရဲ့
အခန်းဆက် ဇာတ်လမ်းရှည်ဖြစ်တယ် ….
ဒါ – သာကီဝင်မင်းမျိုးတွေရဲ့
ဘုန်းတော်ဘွဲ့မဟုတ်ဖူး
မြန်မာကို မြန်မာလို့
အရှည်သဖြင့် ပီပီသသ ခေါ်နိုင်ဖို့ဖြစ်တယ် ….
ဒါ – ရှင်မွေးလွန်းနဲ့ မင်းနန္ဒာတို့ရဲ့
အချစ်ဇာတ်လမ်းမဟုတ်ဘူး
မြန်မာ့မြေပုံကြီး
ဇောက်ထိုးမိုးမျှော်ဖြစ်မသွားစေဖို့ဖြစ်တယ် …. ။
– ၄ –
နားထောင်ကြစမ်း ….
နားထောင်လိုက်ကြစမ်း ….
အော်ဟစ်ငြီးတွားသံတွေလား ….
ငိုယိုအသနားခံသံတွေလား ….
အံကြိတ်တက်ခေါက်သံတွေလား ….
ဘယ်ကလာတဲ့ အသံတွေလဲ
ဘယ်ကိုသွားမဲ့အသံတွေလဲ
ရေစီးသံတွေကြားတယ်
လှိုင်းရိုက်သံတွေကြားတယ်
ကမ်းပြိုသံတွေကြားတယ်
မြို့ကြီးတစ်မြို့ရဲ့ အသံတွေကြားတယ်
လူတွေရဲ့ ကူကယ်ရာမဲ့အသံတွေကြားတယ်
သစ်တောတွေရဲ့
ခြောက်သွေ့ရွက်ကြွေသံတွေကြားတယ်
ဇီဝမျိုးစုံ မျိုးကွဲတွေရဲ့
ဝိညာဉ်ချုပ်သံတွေကြားတယ်
ကြားတယ် ……..
…….. ကြားတယ် ……..
အကြင်နာ နားနဲ့နားထောင်လိုက်ကြစမ်း
ကြားနေရတယ် ဟေ့ …..။
– ၅ –
ဟေ့ ဧရာဝတီ
စီးဆင်း …. စီးဆင်း
ပင်လယ်ထဲ အထိ ဆက်လက်စီးဆင်း
သင်ဟာ ….
မြစ်မင်းတွေထဲက
မြစ်မင်းတစ်မင်းဖြစ်တယ်ဆိုတာ
ကမ္ဘာသိအောင် ရင်ကော့ပြ
သင့်ရဲ့အလှတရားနဲ့
တန်ဆာဆင်ထားတဲ့ မြို့ပြတွေကို
လက်ညှိုးထိုးပြ …..
ပေးပါ ….
….. ပေးပါ …..
ခင်ဗျားတို့ မြန်မာစစ်စစ်ဖြစ်တယ်ဆိုတဲ့
ယုံကြည်ချက်လေးတော့
ကျုပ်တို့ကိုပေးပါ …..။
– ၆ –
ဟေ့ ဧရာဝတီ
သင့်ကိုမေးမယ် ….
ငါတို့ဟာ
ယဉ်ကျေးမှုမဲ့သူတွေလား
သမိုင်းမရှိတဲ့လူမျိုးတွေလား
စာပေမရှိတဲ့လူမျိုးတွေလား
ကျူးကျော်လာသမျှကို
ခေါင်းငုံ့ငြိမ်သက်ပြီး
ရေလိုက်ငါးလိုက် ကျွန်ခံနေတတ်တဲ့
လူမျိုးတွေလား …
အက္ခရာတစ်လုံးဖြစ်ဖို့
သူတစ်ပါးရဲ့အက္ခရာတွေကို အတုခိုးပြီး
အခုမှ ကြိုးစားတည်ထွင်နေရတဲ့သူတွေလား
မငိုနဲ့ ….
…. မငိုနဲ့ ….
သင့်ရဲ့မျက်ရည်တွေဆိုတာ
ငါတို့ရင်ဘတ်ထဲကစီးဆင်းသွားတဲ့
နှလုံးသွေးတွေဖြစ်တယ်
သင်မငိုနဲ့ ….။
– ၇ –
နှိုင်းမြစ် သိမ်းမြစ်
တီဂရစ် ….
မစ္စစ္စပီ … ဂင်္ဂါ
မြစ်ဝါ….
သူတို့ နိုင်ငံရဲ့သမိုင်းကို
သူတို့ ကျောနဲ့ သိုင်းဖွဲ့လွယ်ပိုး
ဟိုးအတိတ်နဲ့ လာမယ့်အနာဂါတ်
ပေါင်းစပ်သယ်ဆောင်
တောင်ကလဲ တောင်အတိုင်း
တောကလဲ တောအတိုင်း
ကိုင်း ……… ကိုင်း ……..
ငါတို့ရဲ့ဧရာဝတီ
…. ငါတို့ရဲ့ ဧရာဝတီ
ငါတို့ရဲ့ ဧရာဝတီ ….
ဧရာဝတီကို
ဧရာဝတီကို ပီပီသသ ခေါ်ဆိုနိုင်သူတွေရဲ့ ရင်ထဲ
ဧရာဝတီကို
ဧရာဝတီအဖြစ် ချစ်ခင်ကြသူတွေရဲ့ရင်ထဲ
သွေးကြောတွေထဲ
စီးဆင်ြး မဲ … စီးဆင်း …
… စီးဆင်းမြဲ … စီးဆင်း …
စီးဆင်း … စီးဆင်း … ။
– ၈ –
သီးခံပါ ….
…. သီးခံပါ ….
သီးခံကြပါ ….
ငါဟာ ….
နိုင်ငံရေးသမားမဟုတ်
သံတမန်လဲမဟုတ်
ခံစားမှုနဲ့ထုလုပ်ထားတဲ့
ကဗျာဆရာတစ်ယောက်သာဖြစ်တယ် ….
ကဗျာဆရာဆိုတာ
သူခံစားရတာကိုသာသူပြောတယ်
ဘာတဲ့ ….
တရုတ်လာသည်
ယိုင်ယိုင်လော
ယိုင်ယိုင် ….
မျှားမိုးရွာသည်
ဖြိုင်ဖြိုင်လော
ဖြိုင်ဖြိုင် …. တဲ့ …. ။
ကိုဇ ( ချပ်သင်း )
၂၈ – ၉ – ၂၀၁၁
” ရှင်သန်ခြင်းရက်စွဲ “
ကိုဇ ( ချပ်သင်း )
– ၁ –
လက်ခုပ်သံ တဖြောင်းဖြောင်းနဲ့
နှစ်ထောင်းအားရ သြဘာသံတွေ
မြန်မာ့ကောင်းကင်ယံမှာ
လျှံထွက်မွှေးပျံ့စေခဲ့ပေါ့
၃၀ – ၉ -၂၀၁၁ သောကြာ
ချစ်စရာကောင်းတဲ့ရက်စွဲ
အသည်းထဲမှာကဗျည်းထိုးလိုက်ကြစို့
– ၂ –
ဒါ…လူသားဝါဒပဲဟေ့
ချစ်ခြင်းမေတ္တာကို
ချစ်ခြင်းမေတ္တာနှင့်လက်တွဲ
ငြိမ်းချမ်းရေးကို
ငြိမ်းချမ်းရေးနှင့်ပွေ့ဖက်
လူ့သက်တမ်းတိုတိုလေးအတွင်းမှာ
ငါ
ငါ့ စည်းစိမ်
ငါ့ အာဏာ
သဘာဝမကျတဲ့အစွဲတွေဖယ်ရှား
တရားးကို တရားအတိုင်း
မတရားကို မတရားအတိုင်း
ပိုင်းပိုင်း ဆစ်ဆစ်ဝေဖန်
ဥာဏ်အမွန်ဖြူဖြူမှာ
အမှန်တံခွန်ထူလိုက်တဲ့ဆုံးဖြတ်ချက်
နှစ်သက်လိုက်တာကွယ်………….။
– ၃ –
ကဲ …… ဟေ့
အသက်ငှင်နေတဲ့လူမမာကို
အရေးပေါ်ခန်းထဲကတော့ ဆွဲထုတ်လိုက်နိုင်ပြီ
ကြည်နူးနေကြသလား
အားရနေကြသလား
ရပ်တန့်လိုက်ကြတော့မှာလား
မှားမယ်
…….. မှားမယ် ……..
အဲဒီလူမမာဟာ
နာတာရှည်ရောဂါတွေ ဗရပွနှင့်
ကုသမှုတွေ
ယုယမှုတွေကို အစဉ်သဖြင့်တောင်းဆို
သူ့ရဲ့ငိုသံတွေဟာ
အချိန်တိုအတွင်းစဲသွားမှာမဟုတ်ဘူး …..။
– ၄ –
ဧရာဝတီ…….
……. ဧရာဝတီ …….
ဧရာဝတီ…………….
သူ့ကို အသေမသတ်ကြတော့ဘူးတဲ့
သူ့ကိုချမ်းသာပေးလိုက်ကြပြီတဲ့
ဒါပေမဲ့……..
……..ဒါပေမဲ့…….
သေဆုံးသွားတဲ့
သူ့ရဲ့ဖွားဖက်တော်တွေ
အသက်ငှင်နေတဲ့ သူရဲ့မွေးချင်းတွေ
သစ်ပင်တွေ
တောတောင်တွေ
ရေဝေတောင်ကုန်းတွေ………။
– ၅ –
ဧရာဝတီသည်
အတီအတေနဲ့ပစ္စုပ္ပန်
ပစ္စုပ္ပန်နဲ့ အနာဂါတ်
ဆက်စပ်ထုဆစ်
နုသစ်တဲ့ခွန်အားနဲ့
တလွှားလွှားစီးဆင်းစေသတည်း………။
ကိုဇ ( ချပ်သင်း )
၃၀ – ၉ – ၂၀၁၁
Comment #1
ဒါလေးကို ဖက်ခွင့်ရသဖြင့် အထူးအားရ ကျေနပ်မိပါသည်…
။
။
။။
။။။။
။
။။။။။။။
မြန်မာကို မြန်မာလို့
အရှည်သဖြင့် ပီပီသသ ခေါ်နိုင်ဖို့ဖြစ်တယ် …။။။။။။။။။။။။။။။။။။။။။
နံနက်ပိုင်း ဆယ့်တစ်နာရီ အထိ ထုတ်လွှတ် သော mi ခေါ် Myanmar international သတင်း အစီအစဉ်တွင်
အစီအစဉ်တင်ဆက်သူများမှ မြန်မာကို မြန်းမာ …(မြန်းမာ)ဟု ပြောဆိုနေကြချင်းမှာ ဘိုလို တွေ လွှတ်နေတာများ
သဖြင့် မြန်မာလူမျိုးက မြန်မာလိုတောင် ပီပီ သသ ခေါ်ဝေါ် မသုံးဆွဲတော့တာကြားမိတိုင်း ………ဒီကဗျာလေးရဲ့ရည်ရွယ် ချက်တွေနဲ့ တိုက်ရိုက် မပက်သတ်ပေမယ့် ….