ငါ့ရင်ငါ ကြိုးတပ်ပြီး “သူငယ်ချင်း” ကို ငါ တီးခတ်
ဒီမှာတော့
အရင်လို ကျောင်းသွားကျောင်းပြန်လမ်းတွေ
မပါးသေးဘူး
အရင်လို ချစ်သူ့အဆောင်ညတွေကို
သီချင်းသံနဲ့ ၀တ်မပြုဖြစ်တော့ဘူး
မင်းတို့နဲ့အတူ လွင့်စင်ကျခဲ့ဖူးတဲ့မြို့ပြလမ်းတွေပေါ်မှာ
မင်းတို့ရှိနေသလိုခံစားပြီး
ငါ ဆက်လျှောက်နေရတယ်
ငါတို့ဆံပင်တွေ ပိုပြီး ရှည်လျားရှုပ်ပွလာသလို
ငါတို့ရဲ့လမ်းတွေက ပိုပြီး ကျယ်ပြန့်ကောက်ကွေလာ
မင်းတို့က မြို့ပြနဲ့ဝေးကွာ၊ ငါက ဒုက္ခနဲ့ နီးနီးလာ
တကယ်ကိုရင်နာစရာအကောင်းဆုံးအမှန်တရားနဲ့
တို့တစ်တွေ ဝေးကွာခဲ့ရ
ငါတို့ဘ၀တွေ ခေါင်လွန်းလှရဲ့
ငါတို့ဘ၀ရှုမျှော်ခင်းတိုင်းကို
ငါတို့လိုရာရေးဆွဲခွင့်မရှိတာဟာ
ရင်နာစရာတော့မဟုတ်ဘူးပေါ့
လောကက မုန်တိုင်းထန်တဲ့ပင်လယ်
ငါတို့ရဲ့မျှော်လင့်ခြင်းသင်္ဘောဟာလဲ
သောင်တင်နေရဆဲမဟုတ်လား
“သူငယ်ချင်း”ဆိုတဲ့အင်အားဟာ
စကားလုံးတွေရဲ့အပြင်ဘက်မှာ ရှိတယ်
မင်းတို့ရဲ့ရယ်သံတွေ ငါ့ရင်ထဲ ပဲ့တင်ထပ်နေတယ်
မင်းတို့ရဲ့အရိပ်တွေ ငါ့မျက်ဝန်းထဲ ၀ပ်ကျင်းဖွဲ့နေတယ်
မင်းတို့ရဲ့စကားတွေ ငါ့နားထဲ လွင့်ဝဲနေတယ်
မင်းတို့ရဲ့ပွေ့ဖက်ကျီစားမှုတွေ ငါ့ကိုယ်ခန္ဓာမှာ အမြစ်စွဲနေတယ်
မင်းတို့ကိုလွမ်းတဲ့စိတ်နဲ့အရူးမီးဝိုင်းငါ့အဖြစ်
အဲဒီအချစ်ကို ဘယ်လိုနေ့စွဲမျိုးမှာမှ
ငါ စာမျက်နှာကျော်ပြီးမရေးနိုင်ဘူး
သူငယ်ချင်း…
မင်းတို့ဟာ ငါ့ရဲ့ဆိုးတူကောင်းဖက်
မင်းတို့ဟာ ငါ့ရဲ့ရဲဘော်ရဲဘက်
ငါတို့တစ်ယောက်အပေါ်တစ်ယောက်ထားတဲ့
ချစ်ခြင်းမေတ္တာကို ဖွဲ့ဆိုဖို့
ငါ့လက်နဲ့မမှီနိုင်ဘူး
နောင်တစ်ချိန်မှာ ဘယ်သူဘာဖြစ်မယ်မသေချာပေမယ့်
ဘယ်သူမှဘာမှမဖြစ်သေးတဲ့အခုချိန်မှာ
ငါတို့ဟာ မျှော်လင့်ခြင်းဆီ
ယုံယုံကြည်ကြည် ချိန်ရွယ်ထားတဲ့
လေးကြိုးပေါ်က မြားတွေ
ငါတို့ဘ၀တွေဆီ ရောက်ရှိလာမယ့်လက်ခုပ်သံတွေကို
ဆာလောင်နေကြတယ်
ဟိုးတုန်းကပွင့်ခဲ့တဲ့လူငယ်စိတ်ရဲ့ပန်းတွေကို
ရင်ထဲကိုယ်စီ ထုပ်ပိုးသိမ်းဆည်းထား
ဘ၀တွေကို လွယ်ပိုးသွားကြရဦးမယ်
ငါ ယုံပါတယ်ကွာ
မင်းတို့ဟာ ပျံသန်းရင်းပျက်ကျချင်တဲ့ဖီးနစ်ငှက်တွေ
မင်းတို့ဟာ ဘယ်တော့မှ မကြွေဘူး
ငါကတော့ ကုစားဆဲဒဏ်ရာတွေမပျောက်ခင်
ဆေးထိုးမှားတဲ့လူနာတစ်ယောက်ပေါ့
ငါကတော့ ငါ့ရူးသွပ်မှုနဲ့ငါ
မိုက်တွင်းကို နက်သထက်နက်အောင် တူးခဲ့ပေါ့
ဘယ်ရှုထောင့်ကကြည့်ကြည့် ဘ၀ဆိုတာ တိုက်ပွဲပါကွာ
အောင်ပွဲရသူရဲကောင်းတစ်ယောက်ရဲ့အိမ်အပြန်ဟာ
လက်ခုပ်သံတွေ၊ပန်းကုံးတွေ၊ဆုတံဆိပ်တွေနဲ့ ခမ်းနားနေမယ်
မင်းတို့ရဲ့အိမ်အပြန်ခရီးကို အဲဒီလို ကြီးကျယ်မြင့်မြတ်စေချင်တယ်
ငါ မင်းတို့ကို ကြိုဆိုနေမယ်
ငါ့ရဲ့လက်ခုပ်သံတွေကို မင်းတို့ အရေးတယူ လက်ခံပေးပါ
ငါ့ရဲ့ပန်းကုံးတွေကို မင်းတို့ ဂုဏ်ယူစွာ လည်မှာဆွဲပေးပါ
မင်းတို့ဘ၀ရဲ့သရဖူတွေကို ခေါင်းမော့ရင်ကော့ပြီး ခံယူပါ
အဲဒီအချိန်မှာ
ငါ့ပုခုံးကို မင်းတို့ တစ်ယောက်တစ်ချက်လောက် ၀ိုင်းပုတ်ပေးရုံနဲ့
ငါ ကြည်နူးလှိုက်နင့်စွာ မျက်ရည်စို့မိမှာပါ
မင်းတို့ရဲ့အိပ်မက်တွေနဲ့ ငါ ခမ်းနားချင်လို့ပါ
မင်းတို့ရဲ့အောင်မြင်မှုအတွက်
ငါ . . .
ဂုဏ် ယူ ချင် လွန်း လို့ ပါ သူငယ်ချင်းတို့ရယ်
ငါကတော့ ငါ့သစ္စာ၊ငါ့ဓားနဲ့ထုဆစ်တဲ့အနုပညာဟာ
ငြိမ်းချမ်းရေးသံလွင်ခက်ကို
ကိုက်ချီပျံသန်းလာမယ့်ချိုးဖြူငှက်လို့
ရိုးရိုးသားသား ယုံကြည်နေတုန်းပဲ
အနုပညာဆီက ငါ ပြန်လည်ရရှိခဲ့တာ
မိဘနှစ်ပါးရဲ့ငြိုငြိုငြင်ငြင်ဆူပူကြိမ်းမောင်းမှုတွေ
ချစ်သူရဲ့ရက်ရက်ရောရောဥပေက္ခာပြုမှုတွေ
ဆယ့်ခြောက်ပရည်အပြည့်ခေါင်းမာမှုနဲ့
နောက်ပြီး . . .
သက်ပြင်းတွေသာ လှလှပပ ကြွေကျနေတဲ့
နွေဦးရာသီတွေပေါ့
ငါ့အနုပညာက ငါ့ဘ၀ကို ထောင့်မှန်အလင်းပြန်လို့
ငါ့အနုပညာက ငါ့ဘ၀ကို အရှိန်ပြင်းပြင်း တိုက်စားလို့
ငါဟာ အနုပညာရဲ့ဖက်ဆစ်ဆန်မှုမှာ ဆောက်တည်ရာမဲ့လို့
ဘာပဲဖြစ်ဖြစ်ပါကွာ
ငါ့အတွက်တော့ ဘ၀ဆိုတာ
မင်းတို့ငါတို့ မျှော်လင့်ထားသလောက်
ကြီးကျယ်ခမ်းနားစရာ မလိုအပ်တော့ပါဘူးကွာ
အခု . . .
မင်းတို့တွေ ပျောက်ဆုံးနေတယ်
ငါ့ကိုယ်ငါလည်း ရှာမတွေ့သေးဘူး
မင်းတို့ ဘယ်တော့ပြန်လာမလဲ
အသည်းကွဲတဲ့အကြောင်းပြောရင်း
ပျော်ပျော်ရွှင်ရွှင် မရယ်မောနိုင်တာလဲ ကြာပြီ
ကမ္ဘာ့အရေး၊နိုင်ငံ့အရေးတွေကို
ကိုယ့်အိမ်တွင်းရေးလို ဖွင့်ဟမတိုင်ပင်နိုင်တာလဲ ကြာပြီ
. . . . . . . . . . . . . . . ကြာပြီ
. . . . . . . . . . . . . . . ကြာခဲ့ပါပြီ
ငါနေထိုင်ရာအရပ်ဟာ ချွေးသံရဲရဲနွေရာသီ
အခု မင်းတို့ကြားနေရတဲ့
အရိုးပြိုင်းပြိုင်းပင်အိုထက်ကဥသြသံဟာ
ငါ့ရဲ့အလွမ်းသီချင်းပေါ့
ကိုသျှား
Comment #2
ကဗျာလေးအရမ်းကြိုက်တယ်….အားပေးသွားပါတယ်…ကိုသျှား
Comment #3
ကောင်းတယ်ကိုသျှား အားပေးသွားပါတယ်။
Comment #4
ဘယ်အပိုဒ်ကို ကြိုက်တယ်..ဆိုပြီး ယူပြလို့ မတတ်အောင် ကို ကောင်းတယ်..
လေးစားပါတယ်…… အကိုသျှား
Comment #7
ဒီကဗျာကို မမေ့ဘူး…
….ငါ့ရင်ငါ ကြိုးတပ်ပြီး သူငယ်ချင်းကို ငါတီးခတ်….
Comment #1
ကဗျာတွေ ကောင်တယ် ကိုသျှား .. ဒီကဗျာ ခိုက်တယ် 🙂