တံခါး (နှင်းဆီဆူး)
အရိပ်လို လို့
အပင်စိုက်ခဲ့တာမှမဟုတ်ဘဲ
ရနံ့သင်းမှ
ပန်းဖြစ်ရမယ်လို့
ဘယ်သူမှလည်းဟောမထားဘူး။
အဲဒါကြောင့်လည်း …
…
…
…
ဖြစ်နိုင်ရင်
မျှော်လင့်ခြင်းတွေကိုတော့
မိုးပျံဘူပေါင်းထဲ
ထည့်မွေးချင်တယ်။
ကြယ်တပွင့်လင်းဖို့
မှောင်ပေးရမယ်ဆိုလည်း
ငါ့ကမ္ဘာတစ်ခုလုံး
အမှောင်ဖုံးစေဦးတော့
အမုန်းခံပြုံးနေမှာပါ။
ကြားနိုင်မယ်ဆိုရင်
ဟောဒီရင်ခုန်သံတွေက
နားတွေပွင့်ထွက်သွားမတတ်
တိုးတိတ်ရှာပါတယ်။
အိပ်မက်ဆိုးတွေ
မျက်ခြည်ပျက်မှ
စိတ်အားငယ်ခြင်းတွေခင်းပြီး
တိုးတိုးလေးခိုးအိပ်ရတယ်။
လိုအပ်ချက်တွေအကြောင်း
ဘယ်သူမှလည်းမမေးလို့
ဘယ်သူ့ကိုမှလည်းဖွင့်မပြောမိဘူး
ဘယ်သူမှလည်းမသိဘူး။
တကယ်တော့…
သကြားဖြူးပြီးမက်တဲ့
စိတ်ကူးတွေထဲမှာပဲ
ဒိုင်ယာရီကနှင်းဆီခြောက်
လူလားမြောက်ခွင့်ရတယ်မဟုတ်လား…။
အိ (နှင်းဆီဆူး)
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
တော်တော့်ကို ဖတ်လို့ကောင်းပါတယ်။
ခံစားချက်တွေက တော်တော်ပြင်းတယ်နော်၊
အရမ်းကိုခံစားမိတယ်။