ကျွန်တော် ပြန်မလာနိုင်ခဲ့ရင် . . .
ချာလီချက်ပလင်ဆိုတာနဲ့ ရယ်ဖို့ဟန်ပြင်မိသလို
ဘ၀သံကြားရင် ရင်ဘတ်ပေါ် ဘလိတ်ဓားတွေ တွားတက်လာတယ်
စွဲမိစွဲရာအစွဲအလန်းတွေနဲ့ စိတ်နာကျ
ချွန်ရှထက်မြည့်တဲ့အမိုက်အမှားတွေပေါ်
အာရုံအလုံးစုံ ခြေစုံပစ်ခဲ့မိတဲ့အကြောင်း မတွေးချင်ဘူး
မိသားစုသင်္ဘောတစ်စင်းလုံးကို နစ်မြုပ်စေခဲ့တဲ့အက်ကြောင်းလေးဟာ
ကျွန်တော်ပါ
လည်ပတ်နေတဲ့ယန္တရားကို ရပ်တန့်စေခဲ့တဲ့ခွေးသွားစိပ်လေးဟာ
ကျွန်တော်ပါ
အလေ့ကျပေါက်ပင်တွေတောင် ရှင်သန်ဖို့ငြင်းဆန်ခံရတဲ့ဖုန်းဆိုးမြေဟာ
ကျွန်တော်ပါ
လူတွေကို ပျော်တော်ဆက်ဖို့
ငိုပြရယ်ပြလွမ်းပြနေတဲ့ပြဇာတ်မင်းသားလို
သောကဗျာပါဒတွေ သည်းသည်းမဲမဲ မာန်ဖီနေတဲ့လကွယ်ညလို
တစ်ခါတစ်ခါ ကိုယ့်ကိုယ်ကို ထင်ယောင်ထင်မှား
တစ်ခါတစ်ခါ ကိုယ့်ကိုယ်ကို ဂယောင်ခြောက်ခြား
ကျွန်တော်ဟာ ကိုယ့်အဖြစ်ကိုယ်မကယ်နိုင်တဲ့လူ
ထုပ်တန်းပေါ်က “ မင်္ဂလာပါ ” လောက်တောင်
အိနြေ္ဒမရတဲ့ဘဝ
ခေတ်က တောင်းဆိုတဲ့အတိုင်း
စားဝတ်နေရေးက တောင်းဆိုတဲ့အတိုင်း
အဆင်မပြေမှုထမ်းပိုးတုံးမှာ ကျွဲလိုနွားလို တပ်ဆင်ခံရ
အခု ကျွန်တော် သွားရတော့မယ်
ဘ၀ဆိုတာ အမြဲတမ်းရေစီးသန်တဲ့မြစ်
အဲဒီမြစ်ကို ဆန်တက်ဖို့ ကျွန်တော် သွားရတော့မယ်
ကျွန် တော် သွား ရ တော့ မယ်
ဒီကမ္ဘာဒီလောကထဲမှာ ယုံကြည်ချက်ကို ရွှေဖြစ်အောင် ကျင်ယူပြီး
ဒီသောင်ဒီကမ်းမှာပဲ ကြယ်တွေကို ထုပ်ပိုးပြန်ခဲ့ချင်တယ်
ကျွန်တော် ရင်ခုန်တဲ့မျှော်လင့်ခြင်းဟာ
ကိုယ့်ကိုယ်ကို အသက်မမီနိုင်တဲ့ခေါ်သံတစ်ခုပေလား
စိတ်တစ်ဆုံးအူလဲ ပဲ့တင်သံပြန်မလာဘူး
လူငယ်သဘာဝဆိုတော့
မိုက်မဲရမ်းကားမှုလေးတွေ ရှိရင် ရှိခဲ့မယ်
ကိုယ့်ကိုယ်ကို ဘယ်သူနဲ့တူချင်လို့တူချင်မှန်းမသိတဲ့
အားကျမှုလေးတွေ ရှိရင် ရှိခဲ့မယ်
လဘက်ရည်ဆိုင်ထိုင်ပြီး
လောကကို မျက်မှောင်ကြုံ့ဖတ်မိတာတွေ ရှိရင် ရှိခဲ့မယ်
သေချာတာက
ဒီလူတစ်ယောက်ရဲ့ခေါင်းထဲမှာ
ခေါင်းထက်မာတဲ့ခံယူချက်တွေ ရှိခဲ့တယ်
ကျွန်တော့်ရဲ့ရမ္မက်တွေကို
ခင်ဗျားတို့ရဲ့ခြေသုတ်ခုံနဲ့ တွဲချုပ်ထားခဲ့မယ်
ကျွန်တော့်ရဲ့မျက်ရည်တွေကို
ခင်ဗျားတို့ရဲ့ခြံတံခါးဝမှာ ချိတ်ဆွဲထားခဲ့မယ်
ကျွန်တော့်ရဲ့နှလုံးသားကို
ခင်ဗျားတို့ရဲ့မီးလင်းဖိုဘေးမှာ ချထားခဲ့မယ်
ကျွန်တော်နဲ့ပတ်သက်သမျှ
ကျွန်တော့်ရဲ့အကောင်းအဆိုးအားလုံးကို
ခင်ဗျားတို့သံဝေဂယူနိုင်ဖို့
ခင်ဗျားတို့ရဲ့ဖတ်စာအုပ်ထဲမှာ ထည့်ထားခဲ့မယ်
ကျွန်တော် ပြန်မလာနိုင်ခဲ့ရင် . . .
ကျွန်တော် ပြန်မလာနိုင်တော့တဲ့အကြောင်း
သူ့ကို အကြောင်းကြားပေးကြပါ
ကျွန်တော် ပြန်မလာနိုင်ခဲ့ရင် . . .
ချစ်ခြင်းမေတ္တာဟာ
ဘ၀ဆုံးလဲ သံသရာမဆုံးဘူးဆိုတဲ့အကြောင်း
သူ့ကို နားချပေးကြပါ
ကျွန်တော် ပြန်မလာနိုင်ခဲ့ရင် . . .
ခေတ်ကိုဆန်တက်ဖို့ ကြိုးစားရင်း
ခေတ်ကြီးထဲ စုန်းစုန်းမြုပ်သွားတဲ့
သူရဲကောင်းဆန်ချင်သူ လူတစ်ယောက်အကြောင်း
ခင်ဗျားတို့ မေ့ပစ်လိုက်ကြပါ
ကျွန်တော် အော်ငိုလိုက်ချင်တယ်
ကျွန်တော် အော်ရယ်လိုက်မိတယ်
ကျွန်တော် သွားပြီ
ကိုသျှား
Comment #2
လူတွေကို ပျော်တော်ဆက်ဖို့
ငိုပြရယ်ပြလွမ်းပြနေတဲ့ပြဇာတ်မင်းသားလို
သောကဗျာပါဒတွေ သည်းသည်းမဲမဲ မာန်ဖီနေတဲ့လကွယ်ညလို
တစ်ခါတစ်ခါ ကိုယ့်ကိုယ်ကို ထင်ယောင်ထင်မှား
တစ်ခါတစ်ခါ ကိုယ့်ကိုယ်ကို ဂယောင်ခြောက်ခြား
ကျွန်တော်ဟာ ကိုယ့်အဖြစ်ကိုယ်မကယ်နိုင်တဲ့လူ………..
Comment #3
မိသားစုသင်္ဘောတစ်စင်းလုံးကို နစ်မြုပ်စေခဲ့တဲ့အက်ကြောင်းလေးဟာ
ကျွန်တော်ပါ
လည်ပတ်နေတဲ့ယန္တရားကို ရပ်တန့်စေခဲ့တဲ့ခွေးသွားစိပ်လေးဟာ
ကျွန်တော်ပါ
အလေ့ကျပေါက်ပင်တွေတောင် ရှင်သန်ဖို့ငြင်းဆန်ခံရတဲ့ဖုန်းဆိုးမြေဟာ
ကျွန်တော်ပါ
ကျွန်တော်ပြန်မလာနိုင်ခဲ့ရင်……….
………………………………..
……………….
………………..
ရင်ထဲရောက်အောင်ဆွေးသွားရတဲ့ကဗျာပါ…….
ပြောမတတ်အောင်ကြိုက်တယ်….ဗျာ။
Comment #5
ကိုသျှား….ကဗျာလေးကိုကောင်းတယ်ဆိုတာထက်ပိုပြောချင်တယ်
Comment #6
ကဗျာတစ်ပုဒ်လုံးကောင်းတယ်ဗျာ…..
အားပေးသွားပါတယ်။ ကိုသျှား
Comment #7
ဘ၀ဆိုတာ အမြဲတမ်းရေစီးသန်တဲ့မြစ်
အဲဒီမြစ်ကို ဆန်တက်ပြီးးးး ခင်ဗျားပြန်လာခဲ့ပေါ့ 🙂
Comment #8
we all r hoping u,
Comment #9
အရင်ကဗျာတွေက ရိုးသားဖြူစင်တယ် ချစ်စရာကောင်းတယ်
နောက်ပိုင်းကဗျာတွေက မှော်ဆန်ပြီး နားလည်ရခက်လာတယ်
ဘာပဲပြောပြော (ခင်ဗျားပြန်လာခဲ့ပေါ့ )
Comment #1
ထုပ်တန်းပေါ်က “ မင်္ဂလာပါ ” လောက်တောင်
အိနြေ္ဒမရတဲ့ဘဝ
ခေတ်က တောင်းဆိုတဲ့အတိုင်း
စားဝတ်နေရေးက တောင်းဆိုတဲ့အတိုင်း
အဆင်မပြေမှုထမ်းပိုးတုံးမှာ ကျွဲလိုနွားလို တပ်ဆင်ခံရ
ကောင်းတယ်..ဗျာ.. တပုဒ်လုံးမိုက်တယ်