အလွမ်းတွေ စွဲလောင်နေတဲ့ပထမဆုံးရှင်ကွဲနာပုံပြင်
၁။ အလွမ်းတွေ သေအောင်တိုက်ခတ်နေတဲ့အခန်း
အခန်းထဲ ကြွေကျနေတဲ့စိတ်က မလတ်ဆတ်ဘူး
အခန်းထဲ ရင်ဆို့နေတဲ့အလွမ်းတွေ တငွေ့ငွေ့ လောင်တယ်
သတိတရပွင့်နေတဲ့ရင်ထဲ တမ်းတခြင်းတွေ သံရှည်ဆွဲ အူ…လို့
မင်းရယ်သံလွင်လွင်လေးတွေနဲ့
အတူတူကျောင်းမတက်ခဲ့ရတဲ့နေ့က
သီချင်း မဆိုဖြစ်ဘူး
ကဗျာ မရေးဖြစ်ဘူး
လှောင်အိမ်ထဲကငှက်ကလေး အတောင်ပံနှစ်ဖက်စလုံး ဖျားတယ်
15,Feb,2010 (A.D)
၂။ ရင်ကွဲစတွေ စွဲလောင်နေတဲ့ည
သတိရစိတ်က ရင်ကို ရှတယ်
ဆိုနေကျသီချင်းလေးတွေ လူခြေတိတ် . . . လို့
လသာညမို့ ကလေးတွေက ပျော်ပျော်ရွှင်ရွှင် အော်ပြီး
ခွေးတွေက လှိုက်လှိုက်နင့်နင့် အူကြတယ်
ကိုယ်ကတော့
မင်းကို ကိုယ့်အိမ်ကိုယ့်ယာလို လွမ်းနေတယ်
ရင်ကို ကြိုးတပ်ပြီး
အလွမ်းမူးမူးနဲ့ ကိုယ့်ကိုယ်ကို ပြန်တီးခတ်ရင်း
မင်းရှိရာမြို့ကလေးဆီ
ကိုယ့်အာရုံတွေ အကြိမ်ကြိမ် ဥသြဆွဲတယ်
ဘ၀မှာ
ချစ်သူနဲ့ဝေးကွာနေရတဲ့ဒုက္ခတရားဟာ
လွမ်းစရာအကောင်းဆုံးအမှန်တရားပဲ
ညီမလေးဆီ အရောက်လာချင်တဲ့စိတ်ထဲ
ကြယ်တွေ မိုးမွှန်အောင် ကြွေခဲ့တော့
ဟောဒီညကို အစိမ်းချုပ် ချုပ်လိုက်ရတယ်
28,Feb,2010 (A.D)
၃။ ငါ့ရင်ခုန်သံရဲ့ပထမဆုံးမာတိကာ
ဆုပ်ကိုင်ထားသမျှ မီးထထတောက်တော့
ကိုယ့်ကိုယ်ကိုတောင် ခါချနေမိသူ
အဲဒီမှာ
ငါဟာ မင်းအရိပ်ကို ခိုပြီး
မင်းသစ်သီးကို ချိုမြိန်စွာ စားသုံးခဲ့ရသူ
ငါ့ဘ၀ ငါ့အဖြစ်ဟာ
မင်းအချစ်ကြောင့်သာ လူရာဝင်ခဲ့ရပေါ့
ငါရရှိခဲ့တဲ့သရဖူတွေဟာ
မင်းခေါင်းနဲ့ပဲ ထိုက်တန်တယ်
အခု ငါအုပ်ချုပ်နေတဲ့တိုင်းပြည်မှာ
မင်းကို နိုင်ငံတော်အလံအဖြစ်
ငါကိုယ်တိုင် လွှင့်ထူထားတယ်
မင်းဟာ ငါ့ဘ၀ ငါ့ဖြစ်တည်မှု
ငါ့ရင်ခုန်သံရဲ့ပထမဆုံးမာတိကာ
29,April,2010 (A.D)
၎။ ရင်ကွဲ . . . နာ
အဲဒီဂြိုဟ်ပြေနံပြေအကြည့်လေးတစ်ချက်နဲ့တင်
ငါ့ဘ၀ ပွင့်ခဲ့သမျှစိတ်ကူးတွေ အကုန်ကြွေတယ်
ဒီဇင်ဘာနေ့လည်ခင်းတည့်တည့်နေရောင်အောက်မှာ
အစီအစဉ်အရ
ဝေးကွာခြင်းခရီးကို ခွဲခွာခြင်းကိုယ်စီနဲ့ လျှောက်ခဲ့တယ်
တမင်သက်သက် ဇာတ်နာအောင်လို့ရယ် မရည်ရွယ်ခဲ့ပါဘူး
ဘ၀တစ်လျှောက်လုံး မျက်ရည်နဲ့ကပြနေရတာတော့ ခါးလွန်းတယ်
`ကျန်းမာရေးကို ဂရုစိုက်နော်…´
`နံရိုးတွေထုတ်ပြီး တခြားကောင်မလေးတွေ မဖန်ဆင်းနဲ့´
`ကိုကိုနဲ့ဝေးနေရချိန်မှာ ညီမလေး အရမ်းအားငယ်တာပဲ´
`ညီမလေးကို သတိရနော်…´
`အအိပ်ပျက် အစားပျက်ခံပြီး ကဗျာတွေချည်းပဲ ရေးမနေနဲ့´
`ကိုကိုက ပြောနေတုန်း ခဏသာပါ ညီမလေးမရှိရင် ထင်ရာလုပ်တာ´
`ညီမလေး ဘယ်တော့ပြန်လာမှာလဲ´
. . . . . . . . . . . . . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . . . . . . . . . . . .
စကားတွေက မဆုံးသေးဘူး နတ်ဆိုးတွေက အချက်ပေးတယ်
ညီမလေးက အဝေးပြေးကားကြီးပေါ်မှာ
ကျွန်တော့်မှာ ပြန်စရာစိတ်မရှိတော့ဘူး
6,Dec,2010 (A.D)
၅။ ပုံပြင်
ညီမလေးဟာ
မျက်စိကွယ်ရာ နားကွယ်ရာမှာတောင်
ကျွန်တော့်ကို
အဝေးထိန်းချစ်ခြင်းမေတ္တာနဲ့ စေစားနိုင်ခဲ့တယ်
ကျွန်တော် ငိုကြွေးနေတဲ့အခါ
သူဟာ ကျွန်တော့်မျက်ရည်တွေကိုစုပ်ယူမယ့်ပုဝါ
ကျွန်တော့်ပျော်ရွှင်မှုကို
သူလဲ တစ်ဝက်ပိုင်ခဲ့တယ်
သူဟာ ကျွန်တော့်ဒုက္ခတရားတွေ ဖန်ဆေးရာရင်ခွင်
သူဟာ ကျွန်တော်ရမ္မက်တွေ ထွန်ယက်စိုက်ပျိုးရာလယ်မြေ
သူဟာ ကျွန်တော့်မိုက်မဲမှုတွေ ပုန်းခိုရာဘာသာတရား
အဲဒီလိုယုံကြည်မှုတွေနဲ့
ကျွန်တော့်စိတ်ကလေး စည်ပင်ဝပြောခဲ့ဖူးတယ်
ယဇ်ပူဇော်ဖို့ ရည်ရွယ်ခဲ့မှန်းမသိလို့
ကျွန်တော့်နှလုံးသားကို
သူ့ရင်ထဲ ရက်ရက်ရောရော မြှူပ်နှံခဲ့တာပါ
တစ်ချိန်တုန်းက အမှန်တရားလို့
ကျွန်တော် သီဆိုခဲ့တဲ့အိပ်မက်တွေဟာ
ကျွန်တော့်ကိုယ်ပေါ်
စွတ်စိုရုံလေးတောင် ရွာမကျခဲ့ပါဘူး
24,Jan,2011(A.D)
၆။ ရှင်ကွဲ . . . နာ
ရန်သူတစ်ထောင်ရဲ့အင်အားမျိုးနဲ့
စူးစူးနစ်နစ် စိုက်ကြည့်နေမယ့်အစား
အချစ်လို့ခေါင်းစဉ်တပ်ပြီး
ငါ့ပါးကိုသာ ခပ်ပြင်းပြင်း ရိုက်ချပစ်လိုက်ပါတော့
မင်းအဖေက မင်းကို ဒီလိုပြောရင်
မင်းအမေက မင်းကို ဟိုလိုပြောမယ်
ကဗျာဆရာဆိုတာ ဘာညာ
ဘ၀ဆိုတာ ဘယ်လိုမှ ညာလိုမှ
ညီမလေး . . .
မင်းစိတ်ဟာ ဘာအရောင်လဲ
ငါ မသိခဲ့ဘူး
မင်းဟာ လူထဲက လူပဲ
အဲဒါကြောင့် မင်းကို ငါ ချစ်ခဲ့တာ
မင်းဟာ မိန်းမဆန်လွန်းတဲ့မိန်းမပဲ
အဲဒါကြောင့် မင်း ငါ့ကို ပစ်ခဲ့တာ
မင်းနှလုံးသားနား ကပ်အော်နေတာတောင်
ငါ့ချစ်ခြင်းကို မင်းမကြားတော့ဘူး
မင်းမျက်ဝန်းတည့်တည့်ထိုးစိုက်လိုက်တဲ့ငါ့နှင်းဆီပင်လေး
ခြောက်သယောင်း . . . လို့
အခု မင်းဘ၀ကို ဘယ်လို မောင်းနှင်နေသလဲ
မင်းနေထိုင်ရာအရပ်မှာ မိုးတွေရွာနေသလား
မင်းရှင်သန်ရာနေ့ရက်တွေ မိုးလေကင်းလွတ်သလား
ကျိန်စာသင့်မနက်ဖြန်တိုင်းမှာ
မင်းပြန်စာ ရောက်မလာတော့ဘူး
28,May,2011 (A.D)
၇။ နှစ်ကိုယ့်တစ်စိတ်ညီမလေး . . . သို့
အခုတော့ . . .
လူသူအရောက်ပေါက်မရှိတဲ့မျက်ရည်တွေနဲ့
ငါ့မှာ . . .
ရေစီးကမ်းပြိုခေါ်သံများ
ကိုသျှား
Comment #2
လွမ်းလိုက်တာဗျာ . . .
Comment #3
ဘာရေးရေး..ကောင်းနေတော့တာပဲဗျာ
Comment #1
သတိရစိတ်က ရင်ကို ရှတယ်
ဆိုနေကျသီချင်းလေးတွေ လူခြေတိတ် . . . လို့။။။။။။။ ကိုသျှားရေ အစိမ်းချုပ်လဲချုပ်ခဲံရဘူးတယ်…..