အထက်တန်းကျတဲ့ရေ (မောင်ချောနွယ်)
အနုပညာ နွေဦးပေါက် ရာသီကို မညာချင်ဘူး။
လှိုင်းပုတ်ခတ်ခံ ကျောက်ဆောင်ကို မညာချင်ဘူး။
အဆုတ်ရဲ့ အလုပ်ကိုမညာချင်ဘူး။
သစ်သီးတစ်လုံးသီးတိုင်း သင်တို့အတွက်ဖြစ်တယ်။
ပန်းတစ်ပွင့် ပွင့်တိုင်း သင်တို့အတွက်ဖြစ်တယ်။
အချစ်ရေ
ညစ်ညမ်းတဲ့ လမ်းမများနဲ့
ငါ့ရဲ့ ကျန်းမာရေးအတွက်
လက်ဖက်ရည်တစ်ခွက်သာ
သစ္စာရှိခဲ့ပါစေတော့
ဆဟာရကို
အာဟာရလို့ထင်တယ်။
အဲသည်လိုနဲ့
မပျော်ရွှင်တဲ့ ကော်ဖီတစ်ခွက်အတွက်
လက်ဆောင်တွေ ပေးခဲ့ပြီ။
အဲသည်လိုနဲ့
အချစ်ရေး အဆင်မပြေတဲ့
အခန်းထဲက ကြေးမီးခြစ်ကြီးအတွက်လည်း
သစ်သီးအချိုတွေ ယူဆောင်ခဲ့ပြီ။
အဲသည်လိုနဲ့
ရူးသွပ်နေတဲ့ နွေဦးလေအတွက်လည်း
အိပ်မက်လှလှတစ်စုံ
လုံခြုံစွာ ပေးပို့လိုက်ပြီ။
အဲသည်လိုနဲ့
ခရီးထွက်သွားတဲ့
စီးကရက်များနဲ့လည်း
စာအမြန် ဆက်သွယ်ခဲ့ပြီ။
အသည်လိုနဲ့
လေကခြွေချသွားတဲ့
မသေချာမှုတွေအတွက်
သီချင်းလက်ဆောင်ပို့ခဲ့ပြီ။
အဲသည်လိုနဲ့
နှင်းမရှိတဲ့ ဆောင်းအတွက်လည်း
ကောင်းကင်တစ်ခုပေးခဲ့ပြီ။
အဲသည်လိုနဲ့
ဘ၀အတွက်
ဇလဗေဒ အချက်အလက်တွေလည်း
ဆက်လက်စုဆောင်းခဲ့ပြီ။
မေမေရေ
မြစ်တွေကို ကျွန်တော်စီးခဲ့ပေါ့။
အသက်အပိုင်းအခြားတွေလည်း
နက်ရှိုင်းသွားခဲ့ပြီ။
အပူအအေးလေမိုး
အခိုးအငွေ့ အရွေ့
အတွေ့အကြုံ အမှုံအမွှား
အားလုံးကို စားသုံးခဲ့ဖူး
ရှုးသွပ်စွာ ခူးဆွတ်ခဲ့ဖူး
နူးညွတ်စွာလည်း စွန့်လွှတ်ခဲ့ဖူးပြီ။
ရန်အထွေထွေကြောင့်
ဌာန်ကြွေခဲ့ပြီ
ရန်အပေါင်းကြောင့်
ဥာဏ်ပိုကောင်းခဲ့ပြီ။
ဘေးဥပါဒ်အထွေထွေကြောင့်
အသက်ဓာတ်လည်း
ပိုမိုလတ်ဆတ်ခဲ့ပြီ။
လူဆိုတာ လူဓာတ်လိုအပ်တာပဲ
အရှုံးအမြတ်
အမုန်းနဲ့မေတ္တာဓာတ်
အဖိုဓာတ် အမဓာတ်
လူတွေမှာ
ပင်ကိုအရပင် လိုအပ်ခဲ့တာမဟုတ်လား
ကျောကဒဏ်ရာကို
လောကတံထွာလို့ စွဲမှတ်
အသာထုတ်ဖတ်သွားရုံပါပဲလေ။
အဲသည်လိုနဲ့
ကော်ဖီမသောက်တတ်တဲ့
ကြောက်ရွံ့မှုများအတွက်လည်း
ဘရန်ဒီတစ်ခွက် ၀ယ်ခဲ့ပြီ။
အဲသည်လိုနဲ့
ချစ်သူရဲ့ အနမ်းတွေဖို့
လမ်းဖောက်ပေးခဲ့ပြီ။
အဲသည်လိုနဲ့
ဒဏ်ရာရခဲ့တဲ့
ကန္တာရနှစ်များနဲ့လည်း
သစ္စာထားခဲ့ပြီ။
အဲသည်လိုနဲ့
အမှန်တရားကိုလည်း
ထမင်းစားဖိတ်ခဲ့ပြီ။
အဲသည်လိုနဲ့
နေကြာပွင့်တွေကိုလည်း
နေသာခွင့်ပေးလိုက်ပြီ။
အဲသည်လိုနဲ့
အဆိပ်နဲ့ မိတ်ဖွဲ့ခဲ့တဲ့
အိပ်မက်တွေကိုလည်း
ဘိလပ်ရည် တိုက်ခဲ့ပြီ။
အဲသည်လိုနဲ့
လူ့နယ်ပယ်ရဲ့
အနည်အနှစ်များအတွက်လည်း
အထည်အသစ်အဆန်းတွေ
လက်ကမ်းခဲ့ပြီ။
အဲသည်လိုနဲ့
လွတ်လပ်ရေးကဗျာအတွက်
မြေကွက်တစ်ကွက် ထွန်ယက်ပြီးခဲ့ပြီ။
ရန်သူမဲ့ ဘ၀မှာလည်း
ငါကျွန်တော် မပျော်တတ်တော့ပါ၊
ချစ်သူမဲ့ ဘ၀မှာလည်း
ငါကျွန်တော် မနေတတ်တော့ပါ၊
ပိုလျှံသောရေ
ပရိုတိန်းအစအန အလေအလွင့်
စံလွန်ဖိအားအဆင့်ဆင့်ဖြင့်
ငါ့အသက်ရှူပွင့်များ
ကောင်းမွန် ခိုင်မာစွာပင်
ရင်မောခဲ့ပြီ။
အဲသည်လိုနဲ့
လူ့ဘ၀ကို ယုဇနပင်လေးမှာ အသာချိတ်
ဒူးယားတစ်လိပ်နဲ့လည်း
အိပ်ပျော်တတ်ခဲ့ပြီ။
အဲသည်လိုနဲ့
ဘ၀ရဲ့ ၀န်ဆောင်အား
လောကကြီးကို
ဥယျာဉ်အသွင် တင်ဆောင်သွားနိုင်ပြီ။
အဲသည်လိုနဲ့
အလိုမပြည့်မှုကို
ငါအလိုရှိခဲ့ပြီ။
အဲသည်လိုနဲ့
နာကျင်မှုတွေလည်း အရသာဖြစ်ခဲ့ပေါ့။
အချစ်ရေ
ကန်ရေကို ငုံ့ကိုင်းနေတဲ့
ကံ့ကော်ကိုင်းတစ်ကိုင်းလို နေတတ်ခဲ့ပြီ။
အဲသည်လိုနဲ့
ချိုပေါ့ကျ လက်ဖက်ရည်တစ်ခွက်လို
အသက်ရှင်တတ်ခဲ့ပြီ။
အဲသည်လိုနဲ့
ဘ၀ရဲ့ဒဏ်ခံအား
ဂုဏ်သတ္တိတွေ မြင့်မားခဲ့ပြီ။
အဲသည်လိုနဲ့
စံပယ်တစ်ပွင့်လို
တကယ်ပွင့်မယ်ဆိုရင်
တင့်တယ်စွာပွင့်နိုင်ခဲ့ပြီ။
အဲသည်လိုနဲ့
အရသာချဉ်စူးစူး
ဆူးဖက်သော်လည်း ခူးရက်စရာမမြင်တဲ့
ဆူးပင်တစ်ပင်လို
ယဉ်ကျေးစွာ ငေါနေတတ်ခဲ့ပြီ။
အို …
ငါအိပ်ခဲ့သော အိပ်မက်တို့
ငါရိပ်ခဲ့သော အရိပ်တို့
ငါမျှားသော ငါးကို ငါစားခဲ့ရချေပြီ။
အဲသည်လိုနဲ့
ကြုံသမျှ ဖုန်မထတော့ပါ
ဘ၀ကို အရသာ တစိမ့်စိမ့်ခံ
ပင်လယ်စင်ရော်တွေလို
ပျော်ရွှင်စွာ ပျံဝဲနိုင်ခဲ့ပြီ။
အဲသည်လိုနဲ့
အသက်သုံးဆယ့်တစ်ဆိုတဲ့ ခွက်တစ်ခုမှာ
လူ့နယ်ပယ်ရဲ့ ထုထည်တွေ
ကယ်လိုရီတွေ ဖြစ်ခဲ့ပြီ။
ရေထု မြေထု လေထုနှင့် သေမှုတွေကြား
မယားနဲ့တရား ဆားခပ်လို့စားတော့မယ်
နေမှုက
ပါးလှပ်ထူထပ် လှပလှချည်ရဲ့
ငါတပ်မက်ခဲ့ချေပြီ။
အချစ်ရေ
လူတွေက
တူတံဆိပ် ထောပတ်ကိုလည်း
ကိုးကွယ်ကြတယ်။
ဘ၀လမ်းခရီးဟာ
ဝမ်းမီးနဲ့ ပြီးရမှာလား
ငှက်ဆိတ်တဲ့ သစ်စည်းတစ်စည်းမှာတောင်
အဓိပ္ပါယ်တွေ သိပ်သည်းခဲ့ပါတယ်။
အဲသည်လိုနဲ့
နေညိုချိန် “ဘား” ကလေးမှာ
ဘ၀ကို ခပ်ပါးပါးလှီးရင်း
ကမ္ဘာလောကကြီးကိုလည်း
အရက်နဲ့ မြည်းတတ်ခဲ့ပြီ။
အဲသည်လိုနဲ့
အချိုရှာ တမာတွေ့သော်လည်း
“ဂျိုကာ” မပါဘဲ ဒေါင်းတတ်ခဲ့ပြီ။
အဲသည်လိုနဲ့
အငိုအရယ် ဇာတ်တွေကြား
ချိုချဉ်ငန်စပ်
အရသာဓာတ်တွေကြား
ဘ၀ကို အမြတ်တနိုး ထမ်းပိုးခဲ့ပြီ။
အဲသည်လိုနဲ့
“အဲလဗတ်ကမူး” နဲ့ “ခြူး” ဆေးလိပ်ကိုဖွာရင်း
ဆိုးရွားတဲ့ ရာသီဥတုကိုလည်း
ကဗျာနဲ့ ပြုပြင်တတ်ခဲ့ပြီ။
အဲသည်လိုနဲ့
အထူးထူး အပြားပြားသော ဆူးကြားမှ
လူလားမြောက်ရန် သိခဲ့ပြီ။
အဲသည်လိုနဲ့
နေ့များရဲ့ အစိုအခြောက်
ရွှေသားနဲ့နွေပိတောက်ကို
အပျိုပေါက်လို ငြိခဲ့ပြီ။
အဲသည်လိုနဲ့
ဟောသည် အိုဇုန်းဓာတ်အလွှာထဲမှာ
မင်းသမီး ချိုပြုံးကလည်း
ဟိုတုန်းကလိုပါပဲ
အနုပညာ စံပယ်အပြုံးတွေနဲ့
ဟောသည်
အာကာလွင်ပြင် မိုးအခုံးကြီးကိုလေ
ရစ်ဖွဲ့နှောင်ထုံးဆဲပါလား
သွေးကြောထဲကို တိုက်ရိုက်ရောက်ခဲ့ပြီ။
သူငယ်ချင်းရေ
မောချောနွယ်ရေ
ကမ္ဘာကြီးရေ
လက်ဖက်ရည်တစ်ခွက်မျှပင်
တည်ခင်းဧည့်မခံနိုင်သော
အမှန်တရားထံ လာလည်ပါ။
မောင်ချောနွယ်