“ နှစ်တစ်နှစ်ကုန်ဆုံးရန် တစ်ဆယ့်သုံးရက်အလို ”
ဒီဇင်ဘာ 18 ရက် ဆိုတဲ့အချိန်ကာလ
သူ့ အလှည့်ကျတိုင်း …
ထိုင်းထိုင်းမှိုင်းမှိုင်းနဲ့ အရိပ်ဆန်ဆန်လှတယ် ။
တို့နှစ်ယောက်ရဲ့ ဆန္ဒတစ်စုံအတွက်များ
နိုးထလာသလား ထင်ရတဲ့
အဲဒီ့ရက် …
ဘယ်လို စုတ်ချက်နဲ့ ဖျက်လို့ရမှာလဲ …
နှစ်ယောက်အတူပျော်ခဲ့တဲ့ ဒီရက်
ဘ၀အတွက်မှတ်တမ်းတင်တဲ့ ဒီရက်
နင့်အတွက်နဲ့ …
ငါ့ ဘ၀ရဲ့ အတောက်ပဆုံးရက်လို့ သတ်မှတ်ခဲ့ဖူးတယ် ။
အခုတော့လည်း …
လွမ်းစရာ့ ဒီရက်
မေ့မရတဲ့ ဒီရက်
အေးစက်စက်နဲ့ ငါ့ကိုတောင်မသိသယောင်ဆောင်
နင့်အသိုင်းအ၀ိုင်းရဲ့ လှောင်ရယ်သံနဲ့ရောယောင်လို့
ကြောင်တောင်တောင်ကောင်လို့ ပြောနေသလိုပါပဲ ။
သိပ်တော့လည်း မထူးပါဘူးလေ …
အချစ်ဦးဆိုတဲ့
နင့်ရဲ့ ဟာသဆန်ဆန်စကားလုံးကို
ကမ္ဘာကြီးရဲ့ တစ်သက်စာအပြုံးလို့ မှတ်တဲ့ကောင်
သူပြောသလို ကြောင်တောင်တောင်ပါပဲ … ။
နာစရာတွေကို တွေးလေ
နင့်ကို သတိရလေဖြစ်နေတဲ့ ငါ့အတွက်
ရှေးလူတွေပြောခဲ့တဲ့
လွမ်းစရာရှိရင် နာစရာနဲ့ဖျောက်ရမယ် ဆိုတဲ့စကား
နဂါးငွေ့ကိုမှ ပွေ့ထားချင်သူလိုပါပဲ
ထပ်ခါ ထပ်ခါ မှားတယ် ။
ကောင်မလေးရယ် …
ဖြစ်မြ၊ဲ ဖြစ်လတ္တံ
တည်မြဲ၊ တည်လတ္တံ
ရှိဆဲ၊ ရှိလတ္တံလို့ ငါမသုံးပါဘူး ။
တို့နှစ်ယောက်ဘ၀က အများကြီးမဟုတ်ဘူးဆိုပေမယ့်
ရထားသံလမ်း တစ်ခုစာလောက်တော့ဝေးခဲ့ပြီလေ ။
သာသာယာယာ ဥယျာဉ်လေးလည်းမဖြစ်တော့ပေမယ့်
မကြာမကြာ လွမ်းခွင့်မရှိတော့ပေမယ့်
ငါ့ဘ၀ရဲ့ တစ်ခါတစ်ခါဆိုတဲ့ မေ့မရခြင်းတွေမှာ
ဟောဒီ့နေ့လေးကတော့ အမြဲတမ်းပါဝင်နေဦးမှာပါပဲ ။
ဒီနေ့၊ ဒီရက်၊ ဒီအချိန် ရောက်တိုင်း
နေမင်းပျောက်တဲ့ နေ့လို
အထိတ်တလန့်နဲ့ နိုးထ
နင့်ကို ပြင်းပြင်းရှရှသတိရနေတုန်းပါပဲ … ။
ကြယ်စစ်သည်
Comment #1
ဒီနေ့၊ ဒီရက်၊ ဒီအချိန် ရောက်တိုင်း
နေမင်းပျောက်တဲ့ နေ့လို
အထိတ်တလန့်နဲ့ နိုးထ
နင့်ကို ပြင်းပြင်းရှရှသတိရနေတုန်းပါပဲ … ။