“ တြိဂံထဲက ကဗျာ ”
ပိုစ့်မော်ဒန်မှ ကဗျာတဲ့လား
နင် ပြောခဲ့တဲ့စကား
အကြိမ်ကြိမ် မှားတယ် ။
ဟားတိုက်ရယ်မောခဲ့တဲ့ ကြက်ခြေခတ်တွေ
နင့်အတွက်နဲ့ ပြန်သုံးနေရ
ဝလုံးကတောင် ဒေါင်းယောင်ဆောင်လို့
ဆောင်းအခံနဲ့
ပြောင်းပြန်လှန် ပြလိုက်တယ် …
အဲဒါက သုည ။
ကုန်ဆုံးသွားတဲ့ တစ်ဝက်တစ်ပျက်စိတ်ကူး
ဘယ်အရာတွေအတွက် ဘုရားထူးမလဲ …
ဘယ်အရပ်ကလာတဲ့လေက မြူးမလဲ …
ဘယ်လိုလူက ရူးမလဲ … ။
နုပျိုသူမှ ဂုဏ်တင့်တယ်လား
အဲဒါကလည်း
ထပ်ခါထပ်ခါ မှားတုန်း … ။
ဟိုး အရှေ့က တောင်ကုန်းပေါ်ကသစ်ပင်
ဘယ်သူမှ မချစ်ရင်တောင်
သူက သစ်လွင်နေသယောင်မဆောင်ဘူး ။
မှောင်မိုက်ခြင်းကို ချခင်း
ဘယ်သူ့ကိုမှ တက်မနင်းဘူး ။
နေ့ဘက်ပူတော့ အရိပ်ပေး
ညဘက်အေးတော့ အနွေးထုတ်
သူ့အလုပ်ကိုပဲ သူဟုတ်အောင်လုပ်ပြတယ် ။
အကျိုးရှိမှ ညောင်ရေလောင်းမယ်တဲ့လား
ငါ မကြားချင်ဘူး ။
တမာရွက်ကို ခါးသက်သက်နဲ့မျိုချ
ပြန်မရသေးတာတွေမှ တောင့်တနေရအောင်
နင်က ငတ်နေတာလည်းမဟုတ်ဘူး
နင့် အသက် သေသွားမှာလည်း မဟုတ်ဘူး ။
နင့်ကိုယ်နင် မှန်ထဲမှာပြန်ကြည့်
နင် မသိတဲ့ အရိပ်မည်းတစ်ခု
နင့် အနားမှာ စာတန်းပြုနေတယ် ။
နင် ဘယ်တွေ့မလဲ …
နင် ကိုယ်တိုင်ပွေ့ထားတာကိုး … ။
ခပ်တိုးတိုးပဲ ကဗျာကို အဆုံးသတ်
နင် သုံးတတ်မယ်ဆိုရင်
ဒီကဗျာကို အစကပြန်ဖတ်
သုံးချက်လောက်မှတ်နိုင်ရင် တန်ပြီ ။
အဲဒါ ငါ့ရဲ့ ဟန်ပဲ …
ဘယ်လိုစံနဲ့ နင်တိုင်းမလဲ … ။