ကျွန်တော်တို့ဆိုင်ထဲ သူ့အိမ်သူ့ယာလို ထိုင်နေတတ်တဲ့လူကြီး
နှပ်ရည်မကျခင်ကတည်းက ဆိုင်ထဲ သူရောက်လာတယ်
လဘက်ရည်တစ်ခွက်ကို တစ်နေကုန်သောက်တာဆိုလို့
သူတစ်ယောက်တည်း ရှိတယ်
သူ့ကိုကြည့်လိုက်ရင် ကဗျာအကြောင်း ပလုပ်ပလောင်းနဲ့
သူ့အနားရောက်သွားရင် ကဗျာနံ့တွေ မွှန်ထူနေတာပဲ
အင်္ကျီဇစ်ပြုတ်နေလို့ မြင်နေရတဲ့သူ့ရင်ဘတ်ကတောင်
ကဗျာဆန်နေစေရမယ်ဆိုတဲ့လူကြီး
သူ့ကိုခေါ်လည်း မကြားဘူး
သူ့အကြောင်း အတင်းအဖျင်းတွေလည်း မသိဘူး
နိုင်ငံရေးနဲ့ကဗျာအကြောင်းပြောမယ့်လူရှိရင်
အဲဒီလူဟာ သူ့စက်ကွင်းမိတဲ့လူပဲ
စကားပြောဖော်မရှိရင် စာအုပ်ထုတ်ဖတ်နေတော့တယ်
သူ့သူငယ်ချင်းတွေက ကျန်းမာရေးဂရုစိုက်ဖို့
သူ့ကို အမြဲတမ်း လာလာပြောကြတယ်
သူ့သူငယ်ချင်းတွေက ကျန်းမာရေးဂရုမစိုက်တဲ့သူ့ကို
အမြဲတမ်း စိတ်ဆိုးသွားကြတယ်
ဆိုင်ရှင်က ကျွန်တော်တို့ကို အော်ကြီးဟစ်ကျယ်ငေါက်ရင်
သူက ဆိုင်ရှင်ကို မျက်ထောင့်နီကြီးနဲ့ ကြည့်မယ်
ခေါင်းကို လေးလေးပင်ပင်ယမ်းခါပြီး
ပေါက်ကွဲတော့မယ့်ဗုံးလို သူ့နှုတ်ခမ်းတွေ လှုပ်လာမယ်
ဘာမှမပြောဘဲ ပြန်လည်ငြိမ်သက်သွားမယ်
သူက မျက်လှည့်ပွဲကြည့်တဲ့ကလေးငယ်လို နေထိုင်ပြီး
မျက်လှည့်ဆရာတစ်ယောက်လို ပြုစားတတ်သေးတယ်
လမ်းလျှောက်သွားတဲ့မိန်းမကြီးရဲ့ဈေးခြင်းဟာ
သူ့လက်ထဲမှာ စစ်ပွဲကြီးဖြစ်သွားတယ်
ဒွန်းစဏ္ဍားတစ်ယောက်ရဲ့ခွက်ထဲ သူထည့်လိုက်တဲ့မုန့်ဟာ
သူ့လက်ထဲမှာ ပျော်စရာကမ္ဘာကြီးဖြစ်သွားတယ်
သူ့ကိုပစ်သွားတဲ့သူ့ချစ်သူရဲ့ရယ်သံလွင်လွင်တွေဟာ
သူ့လက်ထဲမှာ သံတွေသံခဲဖြစ်သွားတယ်
လူတွေက သူ့ကို နားမလည်ဘူးလို့
သူ့ကို နားမလည်တဲ့လူတွေက ပြောကြတယ်
လူတွေက သူ့ကို နားလည်တယ်လို့
လူတွေကို နားလည်တဲ့သူက ပြောတယ်
တခါတလေ သူ့အမေ ဆိုင်ထဲရောက်လာပြီး
`လူပေ၊လူတေ၊လူဆိုး၊ကြမ်းပိုး´လို့ နာနာကျင်ကျင်ပြောဆိုရင်း
သူ့ကို ထမင်းစားဖို့ ချော့ခေါ်တယ်
`တစ်လောကလုံးက ကြက်ခြေခတ်ထားတဲ့သားလူမိုက်ကြီးကို
အမေ ပစ်မထားရက်ဘူးနော်´တဲ့
သူ့အမေရဲ့လက်နှစ်ဖက်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ပြီး
သူ့အမေရဲ့မျက်နှာကို တမေ့တမော ငေးကြည့်နေတဲ့လူကြီး
အဲဒီလူကြီးအကြောင်းပြောရရင် မီးခိုးမဆုံး မိုးမဆုံး
အဲဒီလူကြီးအကြောင်းပြောရရင် သူရေးတဲ့ကဗျာတွေလို
သူ့ကို ကျွန်တော် မဖတ်တတ်ဘူး
ကိုသျှား
Comment #2
creation လား…..ကိုသျှားရေးတာတွေကတကယ်လိုပဲခံစားရတယ်….
Comment #4
မမေခရေ . . .
ဘယ်လိုပြောရမှန်းတောင်မသိတော့ဘူးဗျ
ဒီကဗျာက ကျွန်တော်ကိုယ်ကျွန်တော် တခြားလူတစ်ယောက်အဖြစ်
မြင်ကြည့်ထားတာဗျ
ကျန်တဲ့ကဗျာတွေကလည်း တကယ်ဖြစ်တာတွေပါတဲ့ဟာက ပါတယ်
ဖန်တီးမှုသက်သက်တွေလည်းရှိတယ်ဗျ
မမေခ ပျောက်နေတယ်နော်
အခုမှ ပြန်ပေါ်လာတော့တယ်
မမေခရဲ့ကဗျာတွေကို ကျွန်တော် မျှော်နေတာဗျ
ခင်မင်စွာဖြင့် . . .
ကိုသျှား
Comment #5
သူ့ကိုကြည့်လိုက်ရင် ကဗျာအကြောင်း ပလုပ်ပလောင်းနဲ့
သူ့အနားရောက်သွားရင် ကဗျာနံ့တွေ မွှန်ထူနေတာပဲ
အင်္ကျီဇစ်ပြုတ်နေလို့ မြင်နေရတဲ့သူ့ရင်ဘတ်ကတောင်
ကဗျာဆန်နေစေရမယ်ဆိုတဲ့လူကြီး
Comment #1
ကဗျာလေး ကောင်းပါ့ဗျာ
ကဗျာကို ထမင်းမေ့ ဟင်းမေ့ ချစ်တဲ့လူတစ်ယောက်အကြောင်းပေါ့ ။