တစ်ခါတစ်ရံ
တစ်ခါတစ်ရံ
သူမကို ပြန်တွေ့မိတိုင်း
ဟိုအရင်လို
ရင်မခုန်တော့ပေမယ့်လည်း
ရင်ထဲမှာ
တစ်စုံတစ်ခုကို
ဆုံးရှုံးလိုက်ရသလိုပဲ
ခံစားနေရမြဲ …
တစ်ခါတစ်ရံ
သူမကို ပြန်တွေ့မိတိုင်း
ရင်ထဲက
ဟာသွားတဲ့ ကွက်လပ်ဟာ
ပိုပြီး ကျယ်ပြန့်သွားသလိုပဲ …
တစ်ခါတစ်ရံ
သူမကို ပြန်တွေ့မိတိုင်း
ဟိုအရင်လို
သူမရဲ့ဘေးနား
ပြန်ခိုဝင်နေချင်သလိုပဲ …
တစ်ခါတစ်ရံ
သူမကို ပြန်တွေ့မိတိုင်း
မာနတွေနဲ့
မျက်နှာလွှဲထားပေမယ့်လည်း
ဟိုအရင်က
သူမရဲ့ အပြုံးမျက်နှာဟာ
ရင်မှာ
ထင်လာတတ်စမြဲ …
တစ်ခါတစ်ရံ
သူမကို ပြန်တွေ့မိတိုင်း
တက်ကြွနေဆဲ ခြေလှမ်းတွေဟာ
နှေးကွေး လေးလံလာတတ်မြဲ
ဖျက်လတ်နေဆဲ
မျက်ဝန်းများဟာလည်း
ရီဝေစွာ ငေးငိုင်လာတတ်စမြဲ …
တစ်ခါတစ်ရံ
သူမကို ပြန်တွေ့မိတိုင်း
တံတိုင်းခတ်ထားတဲ့ စည်းရိုးဟာ
ယိုင်နဲ့လာတတ်စမြဲ
ပိုင်းဖြတ်ထားတဲ့ စိတ်ဓာတ်ဟာလည်း
အဓိဋ္ဌာန် ပျက်လုမတတ်ပါပဲ …
တစ်ခါတစ်ရံ
သူမကို ပြန်တွေ့မိတိုင်း
ဟိုအရင် အချိန်တွေ
ပြန်လိုချင်မိပေမယ့်လည်း
သူမကတော့
လမ်းခွဲသွားခဲ့ပြီပဲ ….. ။
မောင်ရွာ
Comment #2
သူနဲ့ ဆုံတိုင်း အရာအားလုံး ရပ်တန့်သွားသလို ခံစားရတာတော့ တခါတရံမဟုတ်ခဲ့ပါဘူး
Comment #4
khu chain hti par pal…..:(
Comment #1
လမ်းခွဲသွားပြီတဲ့လားဗျာ
ကဗျာဖတ်ရတာ ရင်ထဲဆို့မိပါတယ်
ကဗျာလေး ကောင်းသဗျ
ပုံလေးလည်း မိုက်ပါတယ် ။