စတုတ္ထ အနှိုင်းမဲ့ မြင့်မိုရ်
အတိုင်းတာ ကိုးလတာ ဆယ်လမှာ
အကာလည မိုးတွေ တဖွဲဖွဲရွာသွန်းနေတဲ့
ညအမှောင်ယံမှာ အနှိုင်းမဲ့ကောင်းကင်အောက်
ငိုညည်းသံစဉ်လေးတခု ထိုးဖောက်လို့
မွေးဖွားရှင်သန် အသက်ဝင်ခဲ့ပြီ…။
ငိုကျွေးခြင်းတွေ စတင်ခဲ့တဲ့
လူ့ဘဝ လူ့သံစဉ်တွေကြား
ချိုမြိန်စွာ ခံစားခဲ့ရင်း
အပြုံးတစ်လှည့် အငိုမျက်ရည်တွေနဲ့
ဆာလောင်မွတ်သိမ့်မှုတွေ တောင်းဆိုရင်း
အနှိုင်းမဲ့ အားဆေးတစ်ခွက်ကို
သောက်သုံးလို့ အသက်ဆက် ရှင်သန်ခဲ့ပြီ…။
ဘာသာမဲ့နေတဲ့ ငါ့အတွက်တော့
အခြေခံဘာသာရပ်အနေနဲ့
ထမင်းကို မန်မန်
ဘုန်းကြီးတွေ့ရင် ဦးတော်
အန်တီကို တီတီဆိုတဲ့
အရိုးဆုံးသော ဝေါဟာရအသစ်တွေကို
သုံးနှုန်း စတင်ပြောခဲ့ရင်း
မခိုင်တဲ့ ဒူးနှစ်ဖက်ကို
အနှိုင်းမဲ့လက်နဲ့ အကူတောင်းလို့
လမ်းလျှောက်တက်တဲ့ အရွယ်
လူ့ဘဝရဲ့ ခြေလှမ်းအသစ်နဲ့
လောကလူ့ဘုံထဲ စတင် ရှင်သန်ခဲ့ပြီ…။
အသိမကြွယ်သေးတဲ့ ငါ့ဘဝအစမှာ
လက်ဦးဆရာအဖြစ်နဲ့ အနှိုင်းမဲ့စာတွေ
သင်ကြားပေးရင်း အားကစား လေ့ကျင့်ခန်းတွေနဲ့
ပျော်မွေ့အောင် သူငယ်ချင်းတယောက်လို့
ချော့သိမ့်ပေးလို့ အနှိုင်းမဲ့ရင်ခွင်မှာ
ဘဝအတွက် အကောင်းဆုံး ပျော်ရွှင်မှုတွေနဲ့
ပုခက်ထဲမှာ အိပ်ပျော်ခဲ့ရင်း ရှင်သန်ခဲ့ပြီ….။
ပျော်ရွှင်ခြင်းရဲ့ နေ့ရက်တွေနဲ့
ဖြတ်သန်းခဲ့ရင်း တိုးတက်ရေးကို
ရှေ့ရှုခဲ့တဲ့ အနှိုင်းမဲ့လက်နဲ့
ရင်ခွင်ပွေ့ပိုက်ရင်း နှင်တံတချောင်း
အသပြာငွေအချို့ အချော့မုန့်ကလေးနဲ့
ချော့မော့ကာ ငါ့ကို ကျောင်းအပ်
ကျောင်းပို့ စာသင်ကျောင်းသို့
ရောက်ခဲ့တာ နှစ်တွေကြာညောင်းလို့
ဘွဲ့တွေလည်း ရရှိခဲ့ပြီလေ…။
အရွယ်ရောက်လာတဲ့ ဘဝခရီးတလျှောက်
ကောင်းကင်ပြာပြာအောက်မှာ ဘွဲ့လက်မှတ်နဲ့
ခရီးဆက်ဖို့ ဝိုးတဝါးဖြစ်နေဆဲ
ဘဝကျောင်းနဲ့ စာသင်ကျောင်း
မချိတ်ဆက်မိသေးတဲ့ ငါ့ဘဝကို
အနှိုင်းမဲ့လက်က နည်းလမ်းတွေ ညွန်
တိုက်တွန်းအားတွေနဲ့ အလုပ်စပ်ပေးရင်း
အချိတ်အဆက်မဲ့တဲ့ ဘဝကျောင်းထဲ
ငါ့ဘဝ ဒုတိယ ခြေလှမ်းတွေနဲ့
ဆက်လက် ရှင်သန်ခဲ့ပြန်ပြီ….။
သဘာဝနိယာမတွေ အလိုအလျှောက်
တောက်ပနေတဲ့ ထစ်ချုန်းမိုးတွေနဲ့
နှလုံးသား စကားပြောသင်တန်း တက်ကြရင်း
မေတ္တာကမ်းလွန်ပြင်မှာ နားခိုနေတဲ့
ငှက်တကောင်ကို နှစ်သက်လို့
သံယောဇဉ် လှောင်အိမ်ထဲ
သစ္စာအစာတွေ ကျွေးရင်း
နှလုံးသားကဗျာတွေ ရေးစပ်ခဲ့ပြီလေ….။
ဘဝခရီး အကောက်အကွေ့တွေကြား
လက်မှတ်တွေ ကိုယ်စီ ကိုင်ဆောင်ရင်း
စွယ်တော်သစ်ရွက်ပေါ် လက်မှတ် ကိုယ်စီ
အသိမှတ်ပြုလို့ ရေးထိုးခဲ့
ပျော်ရွှင်မှုတွေ တည်ဆောက်ခဲ့တဲ့
တိုင်းပြည်လေးထဲ အနှိုင်းမဲ့လက်နဲ့
ငါ့တို့ ဘဝတွေ ဆက်လက် ရှင်သန်နေဆဲ…။
အရိပ်ကောင်းတဲ့ သစ်ပင်အောက်
မည်သူက ပျက်စီး ရိုက်ချိုးချင်မှာလဲ
သစ်ပင်ကောင်း ငှက်တစ်သောင်း
နားခိုဖို့ အစဉ်သင့်ပဲ
ဒါပေမဲ့ ငါ့တို့အတွက်တော့
သစ်ပင်ကောင်းထက် အနှိုင်းမဲ့ရင်ခွင်ထဲ
အတိုင်းတာမဲ့ မေတ္တာတွေနဲ့
ငါ့တို့ ခိုဝင် နားခို ထာဝရ ရှင်သန်နေမြဲ…။
ငိုကြွေးမှုတွေ ရင်မဆိုင်ရသေးတဲ့
အနှိုင်းမဲ့ ရင်ခွင်အောက်မှာ
နေမဝင် ဆည်းဆာတွေလည်း
လှပနေဆဲ တင့်တယ်နေဆဲ
အခွင့်ကောင်းနေဆဲ အခိုက်အတန့်
အကျည်းတန် အမှောင်ယံ
အထီးမကျန်သေးခင် ကိုယ်စီကိုယ်စီ
အသိတရားတွေနဲ့ ဖေးမကျေးဇူးဆပ်ရင်း
အနှိုင်းမဲ့မေတ္တာရင်ခွင်လေး တည်ဆောင်ကြစို့..လေ.။
Comment #1
လေးစားတယ်ဗျာ..နေ့စဉ်ကဗျာရှည်တွေကို
အဆက်မပြတ်ရေးသားနိုင်တဲ့ အကို့ကို အရမ်းလေးစားတာပဲ
အားပေးသွားပါတယ်ဗျာ