ခုတ်သားစများ (မာင်ချောနွယ်)
အချစ်ရေ
ဒီဇင်ဘာကို နှုတ်ဆက်ဖို့
လိမ္မော်သီးတွေပါတယ်။
အချစ်ရေ
ဇန်န၀ါရီ(၁)ရက်နေ့ မနက်ခင်းအဖြစ်
မင်းထံလာခဲ့ပြီ။
အဆင်မပြေမှုတွေဟာ
ဆေးပေါ့လိပ်မီးဖွားတွေအဖြစ် လွင့်လာတယ် ။
လက်ဆေးကန်ထဲမှာ
ပြန်ရှင်သန်လို မှု ရှိသတဲ့လား ။
မျက်နှာသစ်ခဲ့တဲ့ ခေတ်လူငယ်တစ်ယောက်က ပြောတယ် ။
ခွက်တစ်ခုထဲမှာ
ရှိသင့်တဲ့ အမှန်တရားအတိုင်း
ရှိပစေ ။
မိန်းမရဲ့ ခန္ဓာကိုယ်နဲ့ 
ထိတွေ့ ရမှု မရှိရက်ကြာညောင်းတဲ့အခါ
ယောက်ျားသားရဲ့ ခန္ဓာကိုယ်ဟာ
ကန္တာရတစ်ခုအဖြစ် အသွင်ပြောင်းလဲရရှာတယ် ။
ထွေးခံခွက်ထဲက စိတ်ထားတွေဘာလဲ
မိမိရဲ့ အပြုံး ကိ ရောင်းတမ်းဖြစ်အောင်
ပြုံးပြုံးနေရမှာလား
ဝေးဝေးလ့လံ ဒေသတစ်ခုက ငိုသံ
မည်သူမဆိုပေါ့ (ဘယ်သူမဆိုပေါ့)
ညကို ၀ယ်ယူစားသုံးနိုင်တယ်
ပုပ်ပွကွဲပြဲ အားလုံးတလွဲတချော်တွေ
ဒင်းတို့ ကို ဈေးကောင်းခေါ်လိုက်ရမလား
တရားနဲ့ ဖြေ
တရားနဲ့ ဖြေ
လိုတာတောင်း
ရရင်ရ မရရင်
ရတာကို ယူ
ရှက်ကိုးရှက်ကန်းနေခြည်
လမ်းမတွေ
မိန်းမရဲ့  ရင်သားတွေနဲ့  တစ်ခါတစ်ခါတူတဲ့
လမ်းမတွေ
မင်လိုက်အားမကောင်းတဲ့  ဖောင်တိန်ပေါ်မှာ
ဒေါသထားမိရတာတွေ ။
မိမိရဲ့ သက်တမ်းတ၀က်ဟာ
ကားရှောင်နေရတာနဲ့  ပြီးနေတယ်လို့ 
တစ်ခါတစ်ရံ တွေးမိနေတဲ့ အလေအလွင့်စိတ်တွေ
ဆိတ်ခြေထောက်စွပ်ပြုတ်လောက်
သောက်ရဖို့ ကို
အကြိမ်တော်တော်များများမှာရ
လွဲချော်ရ
လွဲချော်ပြီး အေးစက်စက်ဖြစ်ခါမှ
ုမရိုးမရွ အောင့်သက်သက်သောက်ချလိုက်ရမှု တွေ ။
နာရင်မနေဘူး
သာမှနေမယ်ဆိုတဲ့ စီရင်ချက်ကျပြီးသားအမှုကို
ထပ်ဖန်တလဲလဲ ပြန်ပြန်စီရင်နေမိတာတွေ
ညှီစို့ စို့  အနံ့ ထွက်တဲ့ မေတ္တာပို့ တွေ
အရေတစိမ့်စိမ့်ထွက်
အဆီ ဝေ့ပျံနေတဲ့ ကပ်ဆိုက်မှုတွေ
စားကြွင်းစားကျန် ပန်းကန်ခွက်ယောက်မျက်နှာတွေ
ပြန်သောက်လို့  မရတော့တဲ့ သောက်ပြီးသား
ဆေးလိပ်တိုမှိုတက်တွေ
စိတ်နို့ အုံသားနဲ့ ဝေးခဲ့ ရတာတွေ
ဒါတွေဟာ
သရုပ်မှန်တွေတဲ့လား
ငါမနှစ်မြို့တဲ့ သရုပ်မှန်တွေပေါ့။
ညံ့ဖျင်းလှတဲ့
ကြာဇံဟင်းတစ်ခွက်ကို
တစ်မနက်လုံး စောင့်စားခဲ့ရတာတော့
တကယ့်ကို နာလှပါဆာလောင်တဲ့ အထုပ်ကို
ခန္ဓာကိုယ်ထဲ ထုပ်ပြီး
အမှတ်(၈) ဘတ်စကားပေါ်
ကိုယ့်ကိုယ်ကို ဂေါ်ဖီထုတ်ခ၏လိုသဘောထား
ပစ်တင်ထိုးတဲ့ ကားစီးစေလိုက်တယ်။
စောင့်ဆိုင်းခ ပေးချေလိုက်ပါ
ကြက်ကင်
ဒိန်ခဲ
ဝီစကီ
ဆီဒင်ကား
အမှောင်ထုဟာ ဘယ်တော့မှ
မမြင်ချင်ယောင် ဆောင်မသွားတတ်ဘူး။
အရာအားလုံးဟာ အဖုံးလှပ်ထားခြင်း မရှိသေးဘူး။
သူ့ ပိန်ကပ်ကပ် အိပ်ကပ်ထဲမှာ
ကာရန်တွေရှိသတဲ့လား
သားဖွားဆရာမရဲ့လက် သားအိမ်ကိုမွှေသလိုမွှေပြီး
နေ့များစွာကုန်ပေါ့။
မသိချင်ယောင်ဆောင်နေမှုရေ
ငါ မနေနိုင်တော့ဘူး။
လူ့နယ်ပယ်မှာ ပျော်စရာဆိုလို့
အရက်ပဲရှိတယ်လား
အသက်ဓာတ်ကတော့ ဖောဖောသီသီပဲလား
ကမ္ဘာကို ဖောက်ခွင်းလိုက်ရတာကတော့
ကဗျာဆရာပဲဟေ့-။
လူတစ်ယောက်ကိုသနားရတာ အားနာလှပေမဲ့
သူ့ကိုတော့ သနားလိုက်ပါရဲ့
ဝင်ခွေကောင်းတဲ့ အလောင်းတစ်လောင်း
မဖြစ်ခဲ့ရှာဘူး
ဘယ်လိုမှ အော့အန်စရာမရှိအောင်
ချို့ငဲ့ရရှာတယ်။
ပျောက်ဆုံးခဲ့တဲ့ နိဗ္ဗာန်ကို
(သူ့) ဒီစားပွဲပေါ်မှာ တွေ့ရှိခဲ့တယ်။ ။
မောင်ချောနွယ်
ဟန်သစ်မဂ္ဂဇင်း(၂၀၀၄)၊ ခေတ်ပြိုင်ကဗျာရှည်အချို့(၂၀၀၉)
Comment #1
လူတစ်ယောက်ကိုသနားရတာ အားနာလှပေမဲ့
သူ့ကိုတော့ သနားလိုက်ပါရဲ့
ဝင်ခွေကောင်းတဲ့ အလောင်းတစ်လောင်း
မဖြစ်ခဲ့ရှာဘူး
ဘယ်လိုမှ အော့အန်စရာမရှိအောင်
ချို့ငဲ့ရရှာတယ်။
ပျောက်ဆုံးခဲ့တဲ့ နိဗ္ဗာန်ကို
(သူ့) ဒီစားပွဲပေါ်မှာ တွေ့ရှိခဲ့တယ်။ ။….။