အခုတလော ငါ့ဆီမှာ မီးပျက်နေတယ်
လူတစ်ယောက် ခုန်ချရင် သေစေနိုင်တဲ့တိုက်အမြင့်ကြီးပေါ်
မရောက်ဖူးတာပဲ ကံကောင်းတယ်ဆိုရမယ်
အလွယ်တကူရရှိနိုင်တဲ့ရေစီးသန်သန်မြစ်တစ်စင်း
ဘေးနားမှာ မရှိတာကလည်း ကံကောင်းတယ်ဆိုရမယ်
မပြောချင်ဘဲ ထွက်ကျနေရတဲ့စကားတွေကို ခံတွင်းမတွေ့ဘူး
နားထဲဇွတ်ဝင်လာတဲ့သတင်းတွေက သွေးမတိတ်ဘူး
ငါ့ကို နားအလည်ဆုံး ငါ့ညီလေးက အဝေးမှာ
ငါ့ကို ပြန်ဟောင်နေတဲ့ ငါကျွေးထားတဲ့ခွေးက ဘေးမှာ
ဖွဲ့ဆိုနေကျဘ၀က ပျော်ရွှင်မှုစစ်စစ်ဆီ မမီမကမ်းလှမ်းတွေးတယ်
စူးစူးဝါးဝါးအော်ဟစ်သံတွေ ဘောင်ဘင်ခတ်နေတဲ့လှောင်အိမ်ထဲ
ဘာကိုမှ အလိုမကျတဲ့ကျားရိုင်းတစ်ကောင်
စိတ်နဲ့ကိုယ် ဆွဲစေ့လို့မရအောင် အိုးစားကွဲ
မိုးမွှန်အောင် မှောင်မိုက်နေတဲ့အာရုံအလုံးစုံကို
ချော်ရည်လို ပြန်အန်ထုတ်ချင်တယ်
တစ်ကိုယ်လုံး အရည်ပျော်ကျအောင် မီးစွဲလောင်ခံထားတာတောင်
လင်းပြစရာ အပ်တစ်ဖျားစာနေရာ ဒီကမ္ဘာမှာ မသေချာခဲ့ဘူး
ကိုသျှား
Comment #3
အားပေးသွားတယ်အကို..
ခေါင်းစဉ်ကနေ ယူသွားတဲ့အတွေးလေးကိုသဘောကျတယ်
အကို
Comment #4
ကဗျာ အပြီးသတ်နားလေးက နှစ်ကြောင်း ရေရေလည်လည်မိုက်တယ်ဗျာ
လောကမှာ တစ်ခါတစ်လေ ကိုယ်ကသည်းခံလေလေ ၊ သူတို့ကချိုးချင်လေ ဆိုတာမျိုးတွေ အများကြီးပါ ။
Comment #1
အင်း good တယ်