မြခွာညိုရဲ့ လပြာသိုလ် အမေနေ့ (ဂုဏ်ပြုပါသည်)
ဆင်းရဲခြင်း ချမ်းသာခြင်းဆိုတဲ့
ဘဝနိယာမကို ရှေ့ရှုရင်းနဲ့
နောက်မပြန်တမ်း လျှောက်လှမ်းရင်း
ဝန်ထုပ်ဝန်ပိုးတွေ မနိုင်ဝန်ထမ်းလို့
ခရီးဆက်ခဲ့ မနက်နဲ့ည နေနဲ့လ
အကူပြုခဲ့ရတဲ့ လောကဇာတ်ခုံထဲ
မေတ္တာ ကရုဏာ မုဒိတာ
ဥပေက္ခာတွေနဲ့ အံတုလို့
အေးစက်နေတဲ့ အပြင်လောကကို
စိန်ခေါ် မောင်းထုတ် တိုက်ခိုက်ရင်း
အနွေးထွေးဆုံး ရင်ခွင်မှာ ထားခဲ့ပေးသူ…။
အကွေ့အပတ်များလွန်းတဲ့ တောင်တက်လမ်းတွေမှာ
ပင်ပန်းမောဟိုက် နွမ်းလျနေတုန်း
ပူလောင်အိုက်စက်တဲ့ လေပူလေပြင်းတွေ
အပြင်မှာရိုက်ခတ် အသက်ရှုသံတွေတောင်
မှားယွင်းတော့မည့် ဘဝတဆစ်ချိုးထဲ
ရှုပ်ပွေနေတဲ့ ဇစ်မြစ်လောကဓံကို
ယှဉ်ပြိုင်ကာ စိန်ခေါ်အံတုရင်း
မရပ်တန့်သေးတဲ့ ခြေလှမ်းတွေနဲ့
ဆက်လျှောက်လှမ်းခဲ့ နယ်နိမိတ်မှားတဲ့
သောကနိမိတ်ရဲ့ နေလောင်ပြင်ထဲ
သီတာရေစဉ်တပေါက် သွန်းလောင်လို့
ထာဝရမေတ္တာ အနွေးဓာတ်ပေးခဲ့သူ…။
ထောင်ချောင်တွေ ဝိုင်းရံနေတဲ့
လောကလူ့ဘုံရွာထဲ ကြီးနိုင် ငယ်ညှင်း
သောကခြင်း ဖလှယ်ကြရင်း
ဝေဒနာခြင်းလည်း မတူညီခဲ့
အသက်ရှုခြင်းမတူညီခဲ့တဲ့ အသိုင်းဝိုင်းတွင်း
ရှိုက်ငင်တချက်နဲ့ မာယာအကွေ့အပတ်ကို
ကျူးကျော်ဝင်ရောက်မိခဲ့ ငြီးငြူသံတွေ
ဝေဟင်တိုက်ခိုက်ရင်း လေလှိုင်းထဲမှာတောင်
အဆိပ်တွေသင့်လို့ နှလုံးသားထဲစီးဝင်ခဲ့
မမြင်ရတဲ့ တိုက်ခိုက်မှု သံယောဇဉ်က
ဘဝဂ်မှာ ဆူညံရင်း ပလ္လင်လုသလိုဖြစ်ခဲ့မိ
ဒါပေမဲ့…
သံသေ အသားကောင်းတဲ့
ဓားကောင်းတစ်လက်အတွက်
လောကဓံမီးဖိုမှာ အထုအထောင်းခံဖို့
နည်းလမ်းတွေ သင်ကြားပေးခဲ့လို့
နည်းကောင်းအမှန် စိတ်ဓာတ်မှန်
သားကောင်းတမန် ဇွဲအားသန်တဲ့
ဓားကောင်းတစ်လက် ထုဆစ် ထုတ်ခဲ့ပေးသူ…။
သစ်ရွက်သစ်ကိုင်း ကြွေကျတိုင်း
ကြောက်တက်ဖို့ မသင်ပေးသလို
အမှန်တရားကို ကြောက်လန့်ဖို့လည်း
နည်းပေးလို့ မသင်ကြားပေးခဲ့သူ
ဒါပမဲ့…
ထာဝရ မေတ္တာမွန်နဲ့ ရင်ခွင်အနွေးဓာတ်ပေးသူပါ…။
(ဘဝတွေ ရေခြား မြေခြား ဝေးကွာတော့မှ
အမေ့မေတ္တာတွေကို ကိုယ်တိုင်ခံစားနားလည်လာရတဲ့
ငါတို့ဘဝကောင်းကင်ထဲ မျက်ရည်မိုးစက်တွေ ထာဝရ ရွာသွန်းနေဆဲ…)
တက္ကသိုလ်မြတ်မင်း
http://www.myatminnpoem.blogspot.com
Comment #2
excellent
Comment #1
အမေ့မေတ္တာက်ုညွှန်းဆိုဖွဲ့မမှီပါဘူး…..
ဘယ်သောစာလုံးနဲမှနော်……. မြင့်မြတ်ပါတယ်..
(အားပေးသွားတယ်နော်)