တစ်ကယ်ဆို…. (သက်ထွေး)
(၁)
တစ်ကယ်ဆို
ဒီလို ဇာတ်သိမ်းတွေက
စာတမ်း ထိုးနေဖို့တောင်
မလိုပါဘူး …
သစ္စာမဲ့လေပွေ
တစ်ချက် ဖျက်တိုက်သွားပြီးကထဲက
ဒီသံယောဇဉ်တွေပဲ တဲထိုးပြီး
ငါနေခဲ့ရတာ။ ။
(၂)
တစ်ကယ်ဆို
မင်းသိဖို့ ကောင်းတယ်
မျက်ရည် မည်သည်
လက်မဖြန့်ပါပဲနဲ့
တောင်းဆို တတ်တဲ့အရာတစ်ခုဆိုတာ …
မျက်ဝန်းထဲ
ဒီဖုန်ဝင်မှုတွေသာ
မရှိခဲ့ရင်လေ
တခုတ်တရ ငါသိမ်းထားတတ်တဲ့
တစ်ရှူးတွေထဲ
ငါ့ခံစားချက်တွေ
ကမ္ဘာတည်ပါ့မလား။ ။
(၃)
တစ်ကယ်ဆို
ငါ့အတွက်
မနက်တိုင်းက ကျီးမသာရင်တောင်မှ
မိုးချည်းပဲတော့မရွာသင့်ဘူး …
ကွက်ကြားမိုး မို့ပဲ
ငါဂုဏ်ယူနေရမလား
အမိုးရယ်လို့ မယ်မယ်ရရ
မရှိတဲ့ ငါ့ဘဝထဲ
ငါကိုယ်တိုင်တောင်မှ မခိုလှုံသင့်ဘူး ။ ။
(၄)
တစ်ကယ်ဆို
မျက်လုံးမှိတ်ယုံနဲ့
စိတ်ကူးယဉ်လို့ ရရဲ့သားနဲ့များ
မတူညီ လက်ဆယ်ချောင်းထပ်လို့
ငါတို့ အိပ်မက်တွေ မက်ခဲ့ကြတာ …
မျက်နှာမလိုက်တတ်တဲ့
ဆောင်းအိပ်မက်မှာ
ငါ နွေကန္တာရကြီးလဲ
မအေးခဲသွားခဲ့ဘူး ။ ။
(၅)
တစ်ကယ်ဆို
အေးခဲပြီးမှ
အရည်ပျော်ကျ သွားတဲ့
ငါတို့ချစ်ခြင်းကို
ဘယ်သူမှ မသိလိုက်ပေမဲ့
ဟိုး … ချောင်းကြည့်နေတဲ့
မိုးပေါ်က
ဖိုးလမင်း သိသွားခဲ့တယ်။
သက်ထွေး
ဇန်နဝါရီလ ၄ရက် ညနေ ၅း၁၁ ၂ဝဝ၈
Comment #1
ကဗျာကောင်းလေးတပုဒ်ဖတ်လိုက်ရတယ်..အကိုရေ…