မြို့အမြင် (နုယဉ်)
စင်္ကာပူမှာ တရုတ်နှစ်သစ်ကူး အတွက် ဒီနေ့ကစလို့ တချို့အလုပ်တွေ ပိတ်ကုန်ပြီလေ။ ဒီတော့ မှတ်ထားတာလေးတွေ အားနေတုန်း လိုက်မွှေရင်းနဲ့ ဆရာမင်းသုဝဏ်ရဲ့ ညီမ၊ ဆရာမကြီး နုယဉ်ရဲ့ ကဗျာလေး တွေ့မိလို့ မျှဝေလိုက်ပါတယ်။
ငွေလရောင်လျှံ၊ ညဦးယံက စက်သံမကြား
မှန်ပိတ်ကားနှင့်၊ ခမ်းနားထည်ဝါ
သူတို့လာ၏။ ။
သူတို့ ဆိုသည်မှာ၊ အထက်လွှာ၌ မြေမှာမနင်း
ကော်ဇောခင်းကာ၊ လေညှင်းကိုရှူ
ရွှေမြို့သူတို့၊ ဟန်မူပိုပို
ရွှင်ချိုချိုတည့်။ ။
ပိုးဇာပါးနှင့်၊ ဆင်ထားဂျော်ဂျက်
နှင်းဆီနက်ကို၊ ခေါင်းထက်မှာဆင်
အလှပြင်၏။ ။
သူတို့ပြောကြား၊ မြို့စကားကို
မင်းနားထောင်လျှင်၊ ပြန်ပြောချင်၏
ဒွတ်ဒက်ရွှတ်ရှက်၊ ကြားညှပ်ဖက်ပြီး
နှုတ်သွက်လျှာချော၊ ရယ်ရွှင်ပြောကာ
အတောမသတ် ရှိနေ၏။ ။
ခေါက်ဆွဲတပန်းကန်၊ အစိတ်တန်မှ
စားရန်ကောင်းစွ၊ ပြောနေကြ၏။ ။
သစ်တော်ပန်းသီး၊ လိုက်ချီးစုံစွာ
စည်သွတ်စာမူ၊ ရသာပြည့်ဝ
မက်မောကြ၏။ ။
ငှက်သိုက် ခိုဥ၊ ခရု ငမန်းတောင်
ဝက်ကောင်လုံးကင်၊ ငါးချိုချဉ်မှ
တွင်တွင်မျိုဝါး၊ မြိန်စွာစား၏။ ။
ဝိုင်နှင့်ကော့ညက်၊ နှုတ်ခမ်းထက်မှာ
တေ့လျက်ဟန်ပြ၊ ပင်ပန်းစွကို
အလှဂုဏ်တင်၊ ဟန်သည်ထင်၏။ ။
ဒေစီ ကျူးလစ်၊ အော့ကစ်ဒ် စသည်
ပန်းအမည်မှ၊ လှသည်ထင်ကာ
ဆံကေသာ၌၊ ဖွေရှာပန်ရ
ဂုဏ်ယူကြ၏။ ။
အယ်လ်စေးရှင်း၊ ခွေးမွေးခြင်းကို
သတင်းစကား၊ ဆင့်ဆင့်ပါးကာ
ရွှင်အားတရ၊ ဂုဏ်ယူကြ၏။ ။
သူတို့ကြားသို့
ရောက်သွားသည့်ငါ၊ မပျော်ပါဘူ့
မင်းလာခဲ့လျှင်၊ အိမ်အဝင်ဘက်
ခရေပင်အောက်၊ ကြက်ခြံနောက်မှာ
နှစ်ယောက်ထိုင်ကာ၊ ပြောချင်ပါသည်
ရင်မှာ အပြည့်ရှိသေး၍။ ။