“တိမ်ငိုသံ …”
နွေခင်းကြီးတစ်ခုလုံး
လိမ္မော်ဆေးသုတ်ထားတဲ့ ညနေ …
နေမင်းကြီး ညဝတ်လဲချိန်လည်း ဟုတ်တယ် …
ကျွန်တော် …
စိတ်ရှည်သည်းခံမှုကို ဝတ်ဆင်ထားရင်း …
မျက်ဝန်းတစ်စုံရဲ့ အကောင်အထည် …
စောင့်မျှော်ခဲ့တယ် …
နေမင်းကြီးရဲ့ ရင်သွေးအမှောင်တိုက်တွေ …
“ည ”ဟူလို့ရယ် …
ကင်ပွန်းတပ်တဲ့အချိန်မှာ …
ရင်ခုန်သံတစ်စုအားပြုပြီး
ကျွန်တော့်ရှေ့ရှုတဲ့ ကျွန်တော့်ယဉ်ကျေးမှု …
အမည်နာမပျောက်ရှသွားတယ် …။…
ဆိုတော့ …
ကျွန်တော့်ဒိုင်ယာရီထဲ အလည်လာတဲ့ အဲဒီဆည်းဆာ …
မယဉ်ကျေးခဲ့တာ ရိုင်းပျခက်ထန်ခြင်းပဲပေါ့ …။…
လည်ဆန့်ခေါင်းမော် …
ကျီးကန်းတောင်းမှောက်မျက်လုံးတွေနဲ့
အမှောင်တွေကို ပုတ်ကိုင်ကစားလျက်
စောင့်မျှော်ခဲ့ပေမဲ့
သူ …
(သူ့နှလုံးသားမှာ အပြုံးမရှိဘူး …
သူ့အိပ်မက်ဟာ မယဉ်ကျေးဘူး …
သူ့နှုတ်ခမ်းဟာ မကြင်နာဘူး …
သူ …
ရက်စက်တယ်)
ခြေသံလေးတွေတောင်
ရက်ရက်ရောရော သူမပေးခဲ့ဘူး …
ဆိုတော့ …
ကျွန်တော့်တစ်ဖက်သတ်ချိန်းဆိုမှုလေး အမှောင်တွေမျို၊
ညခင်းထဲ ပြန့်ကြဲလေလွင့်ကုန်တာပေါ့ …
ပြန်တွေးကြည့်ရင် …
အရှိုက်ကို လေစုပ်ထားသလိုမျိုး နာကျဉ်တယ်…
အသက်ရှုတိုင်း အရှိုက်ခက်တယ် …။…
ဒီချိန်းဆိုမှုလေး …
အသက်မဝင်ခဲ့ဘူး …
မတောက်ပခဲ့ဘူး …
မဖြူစင်ခဲ့ဘူး …
ပုံမလှပန်းမကျခဲ့ဘူး …
တိမ်နဲ့တူတဲ့ ကောင်မလေး …
ဖြူစင်သယောင်နဲ့ အဝေးကနေ
ကျွန်တော့်အနား တစ်ချက်ကလေးတောင်
မလွင့်လာခဲ့ဘူး …။…
အိမ်ပြန်ချိန်ကြီး မဖိတ်ခေါ်ဘဲနဲ့
ရောက်လာတဲ့ အချိန်ထိ …
ယုံကြည်ခဲ့တယ် …
သူဟာ …
ရယ်သံကို ပျိုးပြီး တိတ်တခိုးလာလိမ့်မယ် …လို့ …
အခုတော့ အဲဒီယုံကြည်မှုလေး …
စာတစ်ရွက်ပေါ် ဖွာလန်ကြဲနေပါပြီ …
ကဗျာတစ်ပုဒ်လို မကြင်နာတတ်တဲ့
အဲဒီမိန်းကလေးကြောင့် …
ကျွန်တော့်အိမ်ပြန်ချိန်မှာ …
ပါးပြင်ပေါ် …
မိုးတွေ …
မိုးတွေ …
အစက်ချင်း …အပေါက်ချင်း …
အပြိုင်အဆိုင်ခုန်ဆင်း ကြွေကျသွားတာ …
တိတ်ဆိတ်ကြိတ်မှိတ်ပါပဲ …
ဒါပေမဲ့ ချုန်းပြီး ရွာတာမို့
ရက်ရက်စက်စက်ပဲ …အရှိန်အဟုန်ပြင်းထန်တယ် …။…
အဲဒီညနေရဲ့ ပိတ်ဖုံးကားလိုက်ကာ …
အိပ်မက်တွေဟာ …
ဝသန်တစ်ခုရဲ့ ရနံ့ကောင်းကင်ကြီးလို …
စွတ်စိုထိုင်းမှိုင်းခဲ့တယ် …။…။။။…