ရှင်ကွဲ-၃-ရွှေကြယ်မိုး
ဥသြသံလား…?
ငှက်ဆိုးထိုးသံလား…?
နောက်လှည့်သွားတဲ့ သူမရဲ့ဆံနွယ် အဝေ့မှာ ဘာဆိုဘာမှ
သဲသဲကွဲကွဲ ကြားပိုင်ခွင့်မရှိတော့ဘူး……
တရွေ့ရွေ့ထွက်ခွါသွားတဲ့
သူမရဲ့ခြေသံတွေကသာ ဂျုံးဂျုံးဂျက်ဂျက်အော်မြည်
သံသရာတွေမီးခိုးတထောင်းထောင်းထအောင် ခရီးနှင်သွားရဲ့…
ဘူတာရုံဟောင်းလောင်းနဲ့ ရင်ဘတ်ကသာ
ခေါက်ရိုးကျိုးလက်မှတ်လေးတွေကိုင်လို့ တိတ်တဆိတ်
ကျန်ရစ်ခဲ့တယ်…
သူမကိုင်တွယ်ကြည့်နေကျ
လက်ဖ၀ါးလေးကလည်း တဆတ်ဆတ်တုန်ခါ
ကမ္ဘာနာလောက်အောင် အေးစက်သွေးခဲပြနေခဲ့…
စွယ်တော်ပွင့်ဖတ်တွေကလည်း
နှစ်ယောက်သားကြားမှာ နာကြင်စွာစူးနစ်လို့…
တနင့်နင့်တိုးဝင်နေတဲ့ ရှိုက်သံတွေကလည်း
ပြောသွားကြသေးတယ်…
ဘယ်တော့မှ ပြန်မဆုံနိုင်ကြတော့ဘူးနော်တဲ့
နှုတ်ဆက်ပါတယ်…..
နှုတ်ဆက်ပါတယ်…..
ဝင်သက်ထွက်သက်တွေထဲမှာကလွဲလို့
ငါတို့ဘယ်တော့မှ ပြန်မဆုံကြတော့ဘူးနော်….
ကံ့ကော်ရနံ့တွေဝေတဲ့…
ကျောပိုးအိတ်အပြာနဲ့ကောင်မလေး…နောက်ကို
မျှော်လင့်ချက်တွေလက်မဲ့နဲ့ ပင့်သက်ရှိုက် ပြေးလိုက်ခဲ့တယ်…
ရထားပြတင်းဝက မျက်ရည်စက်လက်နဲ့ သူမဟာ
လက်ပြန်ပြရင်း မျက်ရည်တွေခြွေချခဲ့ယုံကလွဲလို့
ဘာမှမတတ်နိုင်ခဲ့…တော့
ချစ်သူနှစ်ယောက်ရဲ့ အနာဂါတ်ဆိုတာကလည်း
ဟောဒီကြယ်ကြွေရထားကြီးရဲ့ နာနာကျင်ကျင် ဥသြဆွဲသံနဲ့အတူ
သေဆုံးသွားကြပြီ…
ဘ၀ချင်းခြားနားသွားကြသလိုမျိုး
ချစ်နေကြလျက်နဲ့ တစ်ယောက်နဲ့တစ်ယောက်
အရှေ့နဲ့အနောက် ဝေးကွာသွားကြရတယ်…
ညဆိုရင်လည်း ကောင်းကင်ပြင်ကိုမော်ကြည့်
လင်းတလီမှိန်တလီ ကြယ်တွေကြားမှာ တစ်ယောက်ကိုတစ်ယောက်
လွမ်းကြရဦးမယ်…..(သိတယ်)….
ဒီလိုနဲ့
တစ်ယောက်နဲ့တစ်ယောက်
အစွမ်းကုန်ဝှေ့ရမ်း နှုတ်ဆက်ပြကြရင်း ကြေကွဲညနေခင်းလေးရဲ့
နေညိုချိန်မှာ တစ်ယောက်ဘ၀ကိုတစ်ယောက် ပြန်ပြီးထူးခတ်ပေးခဲ့ကြတယ်…
ဒဏ်ရာတွေ အပြည့်အသိပ်ကို လက်ဆောင်ပေးကြပြီးနောက်တော့…
ကွယ်လုလုနေမင်းကြီးရဲ့နောက်ဆုံးမီးစာမှာ အငွေ့တလူလူနဲ့ ရထားကြီးဟာ
တုန်ရီေ၀၀ါးစွာနဲ့…အပြာရောင်ကျောပိုးအိတ်နဲ့ကောင်မလေးကိုတင်ဆောင်…
ဟိုး…လောကတစ်ဖက်ခြမ်းဆီကို ခရီးနှင်သွားတော့တယ်
ရထားကြီးရဲ့အနောက်ဘက်မှာတော့
အပြာရောင်ကျောပိုးအိတ်နဲ့ကောင်မလေးရဲ့ခြေရာတွေရယ်…
လူငယ်တစ်ယောက်ရယ်…မိုးစုန်းစုန်းချုပ်အောင်ငိုကြွေးကျန်ရစ်ခဲ့ကြ…ရဲ့
နောက်ဆုံးမှာတော့…ကာလယန္တရားကြီးရဲ့ ၀ါးမြိုမှုအောက်မှာ
ဘူတာရုံလေးရယ်…ကောင်မလေးရဲ့ခြေရာတွေရယ်…လူငယ်လေးရယ်
တဖြေးဖြေးဝေးကွာသွားကြရင်း ဟင်းလင်းပြင်ကြီးထဲမှာ ပျောက်ကွယ်သွားကြတယ်…
ရွှေကြယ်မိုး
(၂၀၁၂.ဇန်န၀ါရီ.၂၂ရက်.ညနေ ၄း၁၉)
[email protected]
Comment #2
oh..god
Comment #4
ရထားကြီးရဲ့အနောက်ဘက်မှာတော့
အပြာရောင်ကျောပိုးအိတ်နဲ့ကောင်မလေးရဲ့ခြေရာတွေရယ်…
လူငယ်တစ်ယောက်ရယ်…မိုးစုန်းစုန်းချုပ်အောင်ငိုကြွေးကျန်ရစ်ခဲ့ကြ…ရဲ့
နောက်ဆုံးမှာတော့…ကာလယန္တရားကြီးရဲ့ ၀ါးမြိုမှုအောက်မှာ
ဘူတာရုံလေးရယ်…ကောင်မလေးရဲ့ခြေရာတွေရယ်…လူငယ်လေးရယ်
တဖြေးဖြေးဝေးကွာသွားကြရင်း ဟင်းလင်းပြင်ကြီးထဲမှာ ပျောက်ကွယ်သွားကြတယ်…
..
အရမ်းကောင်းပါတယ်ဗျို့…ကျွန်တော့်အသဲတောင် ပြန်အက်သွားတယ်ဗျာ
Comment #5
တရွေ့ရွေ့ထွက်ခွါသွားတဲ့
သူမရဲ့ခြေသံတွေကသာ ဂျုံးဂျုံးဂျက်ဂျက်အော်မြည်
သံသရာတွေမီးခိုးတထောင်းထောင်းထအောင် ခရီးနှင်သွားရဲ့…
ဘူတာရုံဟောင်းလောင်းနဲ့ ရင်ဘတ်ကသာ
ခေါက်ရိုးကျိုးလက်မှတ်လေးတွေကိုင်လို့ တိတ်တဆိတ်
ကျန်ရစ်ခဲ့တယ်…
Comment #1