စက္ကန့်ပိုင်းဟာ မကြာပေမယ့်
သူလုပ်ခတ်လိုက်တဲ့ ရင်ဘတ်လှိုင်းက
Tsunami ၀င်တိုက်သွားသလိုပဲ
ရင်ခုန်သံတွေ အရှိန်မသက်နိုင်ခဲ့ဘူး…
အမှတ်တမဲ့ ဆုံတွေ့တဲ့အခိုက်မှာ
ဆောက်တည်ရာမရဖြစ်ခဲ့တယ်
နှလုံးသားတစ်ခုလုံးကို ကိုင်ရိုက်လိုက်သလိုပဲ
အကြည့်တချက်က ဘ၀ပျက်နိုင်တယ်…
သူ့ရဲ့အပြုံးကိုတော့ ကျမ မဆုံးချင်ဘူး
ထပ်ကိန်းများစွာတင်ပြီး အရှုံးပေးခဲ့တယ်
မမုန်းကြေးလို့ ပြောလိုက်တိုင်း
ငါတို့တွေ အလှန်းဝေးသွားတယ်…
သွေးအေးအေးလေး နေခဲ့တာ
ကျမ မဟုတ်တဲ့ သူပါ
အရေးပေးဆက်ဆံခဲ့တဲ့ ကျမအတွက်
ရလဒ်က မရေရာခြင်းတွေပဲလား…
သေချာစဉ်းစားလိုက်တိုင်း
မဖြေသာခြင်းတွေ ထွက်နေတယ်
ဆုံတွေ့ရမယ့် နေ့တွေကလည်း
မြူနှင်းတွေမြူးတဲ့ မနက်ခင်းလိုပါပဲ…
အသက်ပြင်းပြင်းရှူလို့
သက်ပြင်းတခါချခဲ့တယ်
မြှားနတ်မောင်ရဲ့ မြှားချက်က
ဘယ်နဲ့ညာ လွဲခဲ့တယ်…
ဆောက်ခဲ့တဲ့ ရင်ခွင်နန်းတော်က
သူ့အတွက် ခဏတာ ခိုနားဖို့
ဇရပ်လေးဖြစ်ခဲ့တာလား
ဘာပဲဖြစ်ဖြစ် ကျေနပ်ပါတယ်…
မနေတတ်တဲ့ ကျမအတွက်
နေမြင့်ရင် အရူးရင့်သလိုပဲ
အဖုအထစ်တွေများတဲ့ ဒီလမ်းဟာ
အချစ်စစ်မစစ် စမ်းနေသလိုပဲ…
တစ် နဲ့ တစ်ပေါင်းရင် နှစ်ရတယ်
သူ နဲ့ ကျမပေါင်းတော့
ဘာလို့ အချစ်မရတာလဲ
ဒီအမှားကို ဘယ်သူဆန်းစစ်ပေးနိုင်မလဲ…
အလွမ်းတွေနဲ့စိုက်ခဲ့တဲ့
သစ်ပင်လေးတပင်ကို
အချစ်အသီးလေး သီးဖို့
ဆုတောင်းခဲ့ဖူးတယ်…
ရက်ဟောင်းတွေကိုလဲ
ဆက်ပေါင်းမနေတော့ပဲ
ဆွေးမြေ့နေတဲ့ နှလုံးသားနဲ့
ကောင်လေးအနား ခစားဖို့
ဒီအယူခံစာ လေးကိုပေးခဲ့ပါရစေ…
Comment #1
nice poem.
good luck