ငါ ပြန်ဖတ်ရမှာ ကြောက်တဲ့ ကဗျာ
စိုးတရိပ်ရိပ်
နိမိတ် လို့ ထင်ပါရဲ့ 
ဖေဖော်ဝါရီ ဆို
အသည်းနင့်အောင် ကြောက်တယ် ၊၊ ၊၊
ဖေဖော်ဝါရီ ထဲက ငါ့မွေးနေ့ ကို ကျော်ချင်တယ်
ဖေဖော်ဝါရီ ထဲက ၁၄ ရက်နေ့ ကို ကျော်ချင်တယ်
ပြက္ခဒိန် ကို လိမ်ညစ်
အရင်အချိန်တွေ ထွက်ကျလာရင် ကောင်းမယ် ၊၊ ၊၊
လမ်းလျှောက်နေတာလား
လမ်းပျောက်နေတာလား
အားတင်းရကောင်းနိုး
အားလျှော့ရကောင်းနိုး
ငါ့ မီးနတ်သမီးရေ
တစ်ချက်လောက် ပြုံးပြစမ်းပါ ၊၊ ၊၊
တံလျှပ်လှိုင်းကြားမှာ
လှေခဏ ခဏ မှောက်နေရတာထက်စာရင်
အမှုန်အမွှားလေး တစ်ခုလို
ပျောက်ကွယ်သွားချင်ပါရဲ့ 
အရင် အကြောင်းတွေ ထပ် ထပ် ပြီး လတ်ဆတ်တိုင်း
ငါ့ သွေးတွေ ဆူတယ်
ခက်တယ် . . . .
အတိတ်ဆိုတာက ဖျောက်ဖျက် မရတဲ့ ရာဇ၀င်အို ၊၊ ၊၊
လျှောက်ခဲ့ဖူးတဲ့ လမ်းတွေ ပြန်လျှောက်တိုင်း
ငါ နစ်ဝင် ဖူးတဲ့ မြစ်ကို သတိရတယ်
အက္ခရာတွေ အိပ်နေတဲ့ စာအုပ်ဟောင်းကြားက
ဓါတ်ပုံကို ဖုန် ထုတ်သုတ်မိတိုင်း
ကြိုးပြတ်သွားတဲ့ လေတံခွန် လေးကို လွမ်းတယ်
ကြမ်းခင်း နဲ့ တသားတည်း ကျနေတဲ့ စိတ်ဓါတ်က
ထပ်ပြီး ပုပ်ပွ ချင်နေတဲ့ နှလုံးသားကို သနားသတဲ့
ဝေးခဲ့တဲ့ ပဲ့ကိုင်သူ ရယ်
ငါ ကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုယ် သနားလှပြီ ၊၊ ၊၊
အချိန်လွန် စကားတွေမို့ 
အောက်သိုးသိုး နံ့ထွက်တယ်
ချစ်တယ် ဆိုတာ
ဘယ်လို ပြန်ဝန်ခံရမဲ့ အသနားခံစကားများလဲ?
အချိန်တွေ နှောင်းခဲ့သလို
အချိန်တွေ ပြောင်းနေဆဲပါ
သေချာတာတစ်ခုက
တစ်ရှူးစလေး တစ်ခုတွေ့ တိုင်း
တစ်ယောက်သော သူကို သတိရတယ် ၊၊ ၊၊
အဖန်ငါးရာ ငါးကမ္ဘာ ကို ကြောက်လို့ 
ငါ ကဗျာ မရေးဖြစ်တာ ကြာပြီ
ငိုသံ တစ်ချို့ ပြန်ကြားယောင်မိမှာ စိုးလို့ 
ငါ အရက်မသောက်ဖြစ်တာ ကြာပြီ
ငါ့ ကိုယ် ငါ ကြောက်လို့ 
ငါ့ နာမည်ကို မေ့ထားတာ ကြာပြီ
အခု ရေးဖြစ်တဲ့ ကာရံမညီတဲ့ ကဗျာထက်စာရင်
ငါ့ ရဲ့ စိတ်ထဲ ပိတ်နေတဲ့ တံခါး တစ်ချပ်ကို စိတ်ဝင်စားတယ်
သူမ သည် ဘယ်လောက် ကျရှုံးခဲ့ပြီး
ကျွန်ုပ် သည်လည်း ဘယ်လောက် အတိုင်းအတာထိ
လိုက်ပါ ကျရှုံးပြီးပါပြီလဲ
ရေမှ မဟုတ်ပါဘူး
အရာရာတိုင်း အငွေ့ ပျံတတ်ကြသလို
ထာဝရ ဆိုတာဟာ မတည်မြဲခြင်း တစ်ခုပါပဲ
ပန်းနုရောင် ကတ္တီပါ ကျိန်စာ က
မနှစ်က တစ်ချိန် မှာ ငါတို့ ကို တိုက်ခဲ့ပြီလေ
အဲဒီနေ့ က နင့်ကမ္ဘာမှာ တော်လဲ ခဲ့တယ် ၊၊ ၊၊
ကံတရား ဟာလဲ အပြစ်မရှိဘူး
နင့်ကိုလဲ အပြစ် မဆိုဘူး
င့ါကိုယ်ငါ သာ စိတ်နာတယ်
ငါဆိုတဲ့ ကောင်ဟာလေ (တစ်ချိန်က)
ရပ်နေတဲ့ မြေကြီးထက်စာရင်
ခိုနေတဲ့ ဖိနပ်အရိပ်ကို ပိုပြီး တန်ဖိုးထားတတ်ခဲ့တယ် ၊၊ ၊၊
ဒီလိုနဲ့ ငါ့ကိုယ်ငါ သာ ပြန်လည် တုပ်နှောင်ခဲ့ပါတယ်
ချစ်သော မီးတောက်လေးရယ်
ငါ့ အနာဂါတ်ဟာ အတိတ် နဲ့ 
ဘယ်နှစ်ရာခိုင်နှုန်းလောက်များ သက်ဆိုင်နေပါသလဲ
တစ်ချိန်က ငါဟာ နင့်အတွက် ပန်းတစ်ခေတ် ဖြစ်ဖူးတယ်
တစ်ချိန်တည်းမှာ မီးတစ်ခေတ် ဖြစ်ဖူးခဲ့တယ်
ဘယ်လိုများ အောင့်အီးသည်းခံ ခဲ့သလဲကွယ်
အဲဒီ နင့်လက်ထဲက အင်အားတွေ
ငါ ခဏ လောက် ပြန် ငှား လိုက် ချင် တယ်
ပ် ပ် မြင်လေ ဝေးဝေးလှမ်းရလေပဲ
အနာဂါတ် ဟာ ပေါ်လာလိုက် ပျောက်ကွယ်လိုက် နဲ့ 
ပုံရိပ်တွေဟာ အငွေ့ ဆန်တယ်
တစ်ချိန်က အချစ်နဲ့ ပျော်ဝင်ဖူးသလို
စိတ်ဓါတ်ကျခြင်းများနဲ့ လည်း ပေါင်းဖော်ခဲ့ဖူးပြီ
တကယ်ဆို . . . နောင်လာမဲ့ ရက်တွေတိုင်း
ငါ လင်းကြက်တွန်သံ မကြားချင်တော့ဘူး ၊၊ ၊၊
ရေစုန် နဲ့ လဲ စီးဖူးပြီး
ရေဆန် နဲ့ လဲ မောဖူးပြီ
ငါ့ အတွက် ဘ၀ ဆိုတာဟာ
အသက်ရှုချိန်တောင် မလောက်ငှနိုင်တဲ့
ပစ်မှတ် တစ်ခုလိုပါပဲ
ငြိမ်နေရတာထက် မြှားတစ်စင်းကို စောင့်နေရတာ မောလှပြီ ၊၊ ၊၊
ငါ့ ကိုယ် ငါ ပြန်မောင်းနှင်ဖို့ 
အတိတ်က နှိုးဆော်တယ်
အရိပ် လို သူ နေပူထဲက စောင့်နေတယ်
နင် စူဠသုဘဒ္ဒါ လို အငြိုးမကြီးခဲ့ပေမဲ့
ငါ ဆဒ္ဒန်ဆင်မင်း လို ကလဲ့စား အချေခံရပါလို၏ ၊၊ ၊၊
နင့်ကို သတိရမိတိုင်း
ကျောရိုးတစ်လျှောက် စိမ့်တတ်လာတဲ့
ကြက်သီး တဖျန်းဖျန်း ထဲ
ငို ချင် စိတ် ဘယ် လောက် များ ပါ မလဲ
ငါ့ ကိုယ်ငါ စောဒဂ မတက်ခဲ့ပါဘူး
မျက်ရည်ဆိုတာ နင်နဲ့ ဝေးရတဲ့ နောက်ပိုင်း
ငါ့ အတွက် ပေါခဲ့တယ် ၊၊ ၊၊
ချစ်သော မီးတောက်ဝါ လေးရေ
ဘာပဲဖြစ်ဖြစ် ဆက်နားထောင်ပါ
ပုံပြင်ဆုံးရင် နင်ရယ်လိမ့်မယ်
ငါ့ နှုတ်က ထာဝရ ဆိုတဲ့ အက္ခရာတွေအတွက်
နင် မရယ်ချင်ဘူးလား
ငါ့ ရင်ထဲက ကဗျာ တွေ အတွက်
နင် မရယ်ချင်ဘူးလား
ငါ့ မျက်လုံးထဲက မျက်ရည်တွေအတွက်
နင် မရယ်ချင်ဘူးလား
ချစ်ပါတယ် ဆိုတဲ့ ပွဲပြီးမှ မဏ္ဍပ်တိုင် တက်ပြတဲ့ ငါ့အတွက်
နင် မရယ်ချင်ဘူးလား
နောက်ဆုံးအကြိမ်အဖြစ်
နင့်ကို ရယ်စေနိုင်ခဲ့တဲ့ ငါ့ပုံပြင်အတွက်တော့
ငါ့ ကိုယ် ငါ ကျေနပ်ပါရဲ့ 
နောက်ဆုံးအကြိမ်အဖြစ်
လက်ပြ ဖို့ အတွက်တော့ နင့်ဆီ
ငါ တစ်ခေါက်ဖြစ်ဖြစ် ပြန်လာပါရစေ ၊၊ ၊၊
ပန်းခင်းလမ်း ကို
ခရောင်း လမ်း လို့ ထင်တဲ့ ကောင်
ခဏ ခဏ သေနေရတာ နည်းတောင်နည်းသေး ဆိုတဲ့
စကားမျိုး တစ်ယောက် ယောက် ဆီက ကြားချင်ပါရဲ့ 
သင်္ချိုင်း ဖြစ်နေတဲ့ င့ါရင်ဘတ်အကြောင်းတော့
နင့်ကို ထပ်မပြောပြချင်တော့ဘူး
တစ်ချိန်လုံး ကြမ်းခင်းဖြစ်နေတဲ့ကောင်
ခုမှတော့ ကောင်းကင်မဖြစ်ချင်တော့ဘူး
မိုးပျံပူဖောင်း လို ပျံတက်သွားချင်ပေမဲ့
ငုတ်တစ်ခု လို င့ါကိုယ်ငါ မြေမှာပဲ ရိုက်ထားခဲ့တယ်
မေ့ပစ်တတ်တဲ့ စိတ်တစ်ခုက လွဲရင်
ငါ ဘာမှ ထပ်မလိုချင်တော့ပါဘူးကွယ်
တကယ်တော့
ငါ့ အတွက်
၂၀၁၀ က ၂၀၁၂ အထိ လိုက်ပါနေတုန်းပဲ ၊၊ ၊၊
လမင်းဇော်
မနက် (၃း၁၀) မိနစ်
[email protected]
Comment #2
ဒီကဗျာတော်တော်ဆိုးတာဘဲ
ဒီကဗျာဖတ်ပြီး စွံ့အ နားမကြားဖြစ်သွားသလိုဘဲဗျ အဲ့လောက်ထိကို ဒီကဗျာလေး ကောင်းလွန်းတယ်ဗျ
စကားလုံးတွေက တကယ်ကြီးလန်းတယ်
အားပေးသွားပါကြောင်း ~~
Comment #3
မေ့ပစ်တတ်တဲ့ စိတ်တစ်ခုက လွဲရင်
ငါ ဘာမှ ထပ်မလိုချင်တော့ပါဘူးကွယ်
Comment #5
ကဗျာကောင်းလေးပဲဗျာ…goodတယ်..
Comment #6
ချစ်သော မီးတောက်ဝါ လေးရေ
ဘာပဲဖြစ်ဖြစ် ဆက်နားထောင်ပါ
ပုံပြင်ဆုံးရင် နင်ရယ်လိမ့်မယ်
ငါ့ နှုတ်က ထာဝရ ဆိုတဲ့ အက္ခရာတွေအတွက်
နင် မရယ်ချင်ဘူးလား
ငါ့ ရင်ထဲက ကဗျာ တွေ အတွက်
နင် မရယ်ချင်ဘူးလား
ငါ့ မျက်လုံးထဲက မျက်ရည်တွေအတွက်
နင် မရယ်ချင်ဘူးလား
ချစ်ပါတယ် ဆိုတဲ့ ပွဲပြီးမှ မဏ္ဍပ်တိုင် တက်ပြတဲ့ ငါ့အတွက်
နင် မရယ်ချင်ဘူးလား
နောက်ဆုံးအကြိမ်အဖြစ်
နင့်ကို ရယ်စေနိုင်ခဲ့တဲ့ ငါ့ပုံပြင်အတွက်တော့
ငါ့ ကိုယ် ငါ ကျေနပ်ပါရဲ့ 
နောက်ဆုံးအကြိမ်အဖြစ်
လက်ပြ ဖို့ အတွက်တော့ နင့်ဆီ
ငါ တစ်ခေါက်ဖြစ်ဖြစ် ပြန်လာပါရစေ ၊၊ ၊၊
Comment #7
ကောင်းတယ်ဗျာ . . .
တကယ် လိုက်ပါ ခံစားမိပါတယ်
အားပေးပါတယ်
Comment #8
ကံတရား ဟာလဲ အပြစ်မရှိဘူး
နင့်ကိုလဲ အပြစ် မဆိုဘူး
င့ါကိုယ်ငါ သာ စိတ်နာတယ်
ငါဆိုတဲ့ ကောင်ဟာလေ (တစ်ချိန်က)
ရပ်နေတဲ့ မြေကြီးထက်စာရင်
ခိုနေတဲ့ ဖိနပ်အရိပ်ကို ပိုပြီး တန်ဖိုးထားတတ်ခဲ့တယ် ၊၊ ၊၊
မင်းအသုံးတွေကြောင့် ငါနောက်တစ်ခါ ထပ်သေဖြစ်တယ် သယ်ရင်းရယ်
Comment #10
ma soe par vooo …..kg par tal……
Comment #13
ကဗျာလေးကတော်တော်ကောင်ပါတယ်ကျွန်တော်နဲ့လဲတိုက်ဆိုင်သွားတယ်ဗျာ~~~ဒီကဗျာကိုဖတ်ပြီးအရမ်းခံစားရပါတယ်
Comment #16
ရင်ထဲကိုစို့နင့်ပြီးမျက်ရည်ဝဲတဲ့အထိခံစားရပါတယ်……နောင်လည်းဒီ့ထက်ပိုကောင်းတဲ့ကဗျာတွေကိုရေးနိုင်ပါစေ……..
Comment #17
ကဗျာကိုဖတ်ရင်းနဲ့ ပျော်ဝင်သွားသလားတောင်ထင်မိတယ်
ကဗျာဆရာရေ တော်လွန်းတယ် …
Comment #1
oh,,,oh,,,oh,,,
bar pyaw ya hman ko ma ti dot bu,,
poem hte ko lone wa nit myaw twar de.
both writhing & feeling r high-standard.
so much perfect.