ရေစုန်မှာ မျော လိုက်ဖို့
ရေကူးတတ်ဖို့လည်း လိုပါလိမ့်မယ်
တကျပ်ပေးပြီး တကျပ်ဖိုး ပြန်မရရုံနဲ့
ဈေးကွက်ကို အပြစ်တင်စရာ မရှိပါဘူး
ရောင်းသူနဲ့ဝယ်သူ အသံထွက်နည်းနည်းကွဲမယ်
ရေးတော့အမှန် ဖတ်တော့အသံ ဆိုကြရဲ့မဟုတ်လား
အသက်ကယ်ဝတ်စုံ တစ်စုံ ကျွန်တော့်ကို ရောင်းကြပါ
ကြွေးဟောင်းလည်း မဆပ်နိုင်သေး
ကြွေးသစ်လည်း မချနိုင်သေး
သက်သက်သာသာ စီးဆင်းလာခဲ့တဲ့ မိုင်များ
တဖြည်းဖြည်း လေးလံလာပြီ
အနက်ရှိုင်းဆုံးဆိုတာ စိတ်နဲ့ကန့်သတ်တယ်
အချိန်တွေကို ချုပ်ထားဖို့ တွေးခဲ့ဖူးတယ်
မပြိုလဲခင် အချိန်ထိ ကျောက်တုံးဆန်မှာ
ဒါပေမဲ့ အဲဒီကျောက်တုံးရဲ့ လက်ဖဝါးတွေ နွေးတယ်
မိုးစက်တို့ အရောင်ပြောင်းလည်း ဟောင်းမယ်
မျက်လှည့်ပြတဲ့သူတွေကို ကောင်းကင်ဓါတ်ပုံရိုက်ပေးမယ်
ဆုံမှတ် ဆုံချက်ဆိုတာတွေဟာ
ခပ်သေးသေးပဲ ထပ်တူကျတာမျိုးတွေပါ
ချီရွန် ( ပုလဲ )
Comment #1
ဘာတွေမှန်းကျနော်နားမလည်ဘူး
နားလည်ဖို့လဲ ကျနော်မကြိုးစားဘူး
ဒါပေမဲ့ ကျနော်မျောသွားတယ်
ကျနော်သဘောကျတယ်
ကဗျာက ကျနော့်ကိုခေါ်သွားတယ်
ကောင်းလိုက်တာ ဆြာချီရယ် :D(မှတ်ချက် -ကောင်းလိုက်တာ သည် ကဗျာကိုသာ ရည်ညွှန်းသည်) 😛