ရိုက်ခတ်လာတဲ့အလင်းပြန်လှိုင်းတွေမှာ နင့်ကိုဘယ်တော့မှမမေ့ဘူးဖြူဖြူ-ရွှေကြယ်မိုး
ငါပြောခဲ့တယ်…ဖြူဖြူ
အဲ့ဒီ့ မှုန်မှုန်ဝါးဝါးဆောင်းကို
ငါ…အော်ဟစ်ပြောခဲ့တယ်…
မြူတွေကြားမှာ…အလင်းမှုန်တွေကြားမှာ
မရှိတော့တဲ့ နင့်ကိုပြန်ခေါ်လာခဲ့ဖို့…
ငါကိုယ်တိုင်က…နှင်းစက်တွေကြားမှာ
အသံတွေစတေးပစ်…ကိုယ့်ကိုကိုယ်အာခေါင်ခြစ်ပစ်လိုက်ရင်း
တစ်ရပ်တစ်ကျေးမှာလည်းမရှိ…ငါနေတဲ့အရပ်မှာလည်း မရှိတော့တဲ့
နင့်ကို…တမျှော်တခေါ် လှမ်းအော်ခေါ်တယ်…
အေးစိမ့်နေတဲ့ မနက်ခင်းကျင်းစအချိန်မှာ လည်ချောင်းတွေက
ကွဲရှခြောက်သွေ့လို့…
ဟိုးအရင်နှစ်က ဆောင်းမှာဆို
နင်ဟာ ငါ့ဘေးမှာ အနွေးဓါတ်တစ်ခု…
နင်ချမ်းလိုက်တာလို့ပြောတိုင်း
နင့်ဖြူလွလွလက်ချောင်းလေးတွေကို
ငါဟာ…ဆုပ်ကိုင်ပေးနေကျ…
အခုတော့ နင့်ရဲ့ပြာနွဲ့နွဲ့အုတ်ဂူလေးဆီတောင်
ငါလာဖို့အားအင်ချည့်နဲ့နေတယ်…
အတိတ်က
နင့်ရယ်သံတွေက ပစ္စုပ္ပန်ထိအောင်
ပဲ့တင်ထပ်လို့…
ရိုက်ခတ်လာတဲ့ အလင်းပြန်လှိုင်းတွေမှာ
နင့်ကိုငါဘယ်တော့မှမမေ့ဘူး
နင်အခုဘယ်ကိုရာက်နေမလဲ…
နင့်ဝိညာဉ် ဘယ်ကိုလွင့်နေမလဲ
တစ်ခါတစ်ခါတော့ တမလွန်ဆီကနင့်ရဲ့
ဆက်သွယ်မှုတွေကို စိတ္တဇဆန်ဆန် ငါရရနေတယ်…
ငါတို့လောကကြီးနဲ့ နင့်ကိုလိပ်ပြာခွဲလိုက်တဲ့နေ့တည်းက ဆိုပါတော့
အခုတော့
တစ်ကိုယ်ထဲရွက်လွင့်ရဦးမယ် ဖြူဖြူရေ
………………………………………………………..။
အခုတလော ငါစီးကရက်တွေ အရမ်းသောက်နေတယ် ဖြူဖြူ
အဲ့ဒီ့အတွက် ငါ့ကိုနင့်အချစ်တွေ မပေါ့သွားပါနဲ့…
အဲ့ဒီ့အဖြစ်ကို မြင်လိုက်မိတဲ့အခါ နင့်ရင်တွေမဆို့နင့်သွားပါနဲ့…
ငါမပျော်တဲ့ဝင်သက်ထွက်သက်တွေကြားမှာ ငါ့အဆုတ်တွေကို
အကောင်းဆုံးသန့်စင်ထားစေချင်လို့ပါ…
ငါ…နင့်ကိုအရမ်းသတိရတာပဲဖြူဖြူ
အဲ့ဒီ့ညနေဆိုးသာ မရှိခဲ့ရင် ငါတို့ဝေးကြရမှာမဟုတ်ဘူး
အခုဘတ်(စ်)ကားနှစ်စီးအပြိုင်မောင်းတာမြင်ရင်
နင့်ရဲ့နောက်ဆုံးအချိန်ကို ငါပြေးပြေးမြင်တယ်…
သံထည်ပျက်တွေကြားမှာ…မီးခိုးမှုန်တွေကြားမှာ
နင်ဘယ်လောက်တောင် နာကျင်ခဲ့ရမလဲ…
ဖေဖေါ်ဝါရီဆယ့်တစ်ရက်ဟာ နင်ခွဲခွါသွားတဲ့ သုံးလပြည့်
ဖေဖေါ်ဝါရီဆယ့်လေးမှာကော ငါဘယ်လိုနေရမလဲ…
ပလူပျံနေတဲ့ ချောကလက်တောင့်တွေကြားမှာ…
နင့်ရှနာကြင်နေတဲ့ ၀င်သက်ထွက်သက်တွေကြားမှာ…
“ငါတို့…ကျောင်းကြီးပြီးသွားတဲ့အခါကျရင်
အလုပ်တစ်ခုကို အတူတူလုပ်လက်တွဲကြမယ်နော်…
ဒါမှဘ၀တစ်ခုကို မခွဲအတူ ဖြတ်သန်းကြရမှာ…”
ဟိုးအရင်ကနင်ပြောခဲ့တဲ့ စကားလေး…
နားထဲကိုအခုသံရည်ပူလို စီးဝင်တယ်
အခုငါ…ငါတို့မြို့လေးက ဘုန်းကြီးကျောင်းမှာ
ကုသိုလ်ဖြစ်အလယ်တန်း ကျောင်းဆရာလုပ်နေတယ်ဖြူဖြူ
နင်…ရောက်ရှိနေတဲ့အရပ်…ရောက်ရှိနေတဲ့ဘုံကနေ
သာဓုခေါ်ပါ…
ငါနာကျင်တဲ့အချိန်တွေမှာ နင်အားပေးခဲ့ပြီး
နင်နာကျင်နေတဲ့အချိန်မှာ ငါရှိမနေနိုင်ခဲ့တာကို
နင်…ခွင့်..လွှတ်..ပေး..ပါ
နင်…ကောင်းရာသုဂတိလားပါစေ…ဖြူဖြူ
နင်…ကောင်းရာသု…ဂ..တိ..လား….ပါ..စေ
ရွှေကြယ်မိုး
(၁၂.၂.၂၀၁၂.ညနေ ၆နာရီ ၄၁မိနစ်)
Comment #2
ညီလေး . . . . .
နင့်နေတာပဲ
ငိုချင်တယ်
ချစ်ခင်လျှက် . . .
ကိုသျှား
Comment #3
ဒီကဗျာလေးနဲ့ ထပ်တူထပ်မျှကြေကွဲသွားမိပါရဲ့ဗျာ……
Comment #4
poor u,,
so sorry to know
Comment #5
ဒီကဗျာလေး ဖတ်ရတာစိတ်မကောင်းဘူးဗျာ
ကိုရွှေကြယ်မိုးရေ ခင်ဗျားဘယ်လောက်ကြေကွဲနေမလဲဆိုတာကိုမသိပေမယ့် ဒီကဗျာလေးဖတ်ပြီးတော့ ကျွန်တော် ခင်ဗျားတို့နှစ်ယောက်အဖြစ်ကို ဝမ်းနည်းမိတယ်ဗျာ
ကဗျာလေး စိတ်မကောင်းစွာနဲ့ဘဲအားပေးသွားတယ် ။
Comment #1
ငါပြောခဲ့တယ်…ဖြူဖြူ
အဲ့ဒီ့ မှုန်မှုန်ဝါးဝါးဆောင်းကို
ငါ…အော်ဟစ်ပြောခဲ့တယ်…
မြူတွေကြားမှာ…အလင်းမှုန်တွေကြားမှာ
မရှိတော့တဲ့ နင့်ကိုပြန်ခေါ်လာခဲ့ဖို့…