ကြယ်အသေတွေကြွေတဲ့နေ့
မင်းဟာတိမ်မဟုတ်တဲ့တိမ်တိုက်တစ်ခုပေါ့
ထစ်ချုန်းမနေပဲ ရွှာတယ်
…………………………………………………
ငါ့ကိုပြောရဲ့
ဒီလိုနဲ့
သတိတရထုပ်ပိုး စိုရွှဲနေတဲ့ည
ငါ့ တစ်ယောက်တည်းကြားရတဲ့နာကျင်သံ
ထောင့်တစ်နေရာ တေလေဟာ
သင်းကွဲတစ်ကောင်ကို ပိတ်ရပ်တယ်
စာမျက်နှာမျဉ်းကြောင်းတွေ
အရိုးငေါငေါနဲ့ ငါ့လက်နက်ကို
ဆွဲ … ရမ်း …..
သူတို့ရင်ဘတ် ခြစ်ရာပရပွနဲ့
ငါ့ကိုလှောင်ရယ် အနာဂတ်ရဲ့လွင်ပြင်ကျယ်
ကံဆိုးခြင်းတွေ လွင့်တင်ဖြုတ်ချဖို့လိုသေးတယ်….
အဲ့ဒီနေ့ဟာ
မင်း ငါ့ရင်ဘတ်ကို
ကြက်ခြေခတ်ဖောက်ပစ်လိုက်တဲ့နေ့…..
အဲ့ဒီနေ့မှာ
သွေးညှီနံ့စိုစိုတွေနဲ့
ငါ့ကိုယ်ငါစိုက်ပျိုးခဲ့ရပြီး
ဒဏ်ရာတွေ စတင်ပွင့်တဲ့နေ့…..
အဲ့ဒီနေ့မို့
အိပ်မက်ကအသက်ရှုရပ်တယ်…..
အရက်တစ်ခွက်နဲ့ယှဉ်ပြီး ရူးမိုက်ခဲ့ရသော…
နေ့ကို “ မိုး ” လို့ နာမည်ပေးထားတယ်…..
ခုထိ ရင်ဘတ်က မှိုအောက်စော်နံတုန်း
ခုထိ အဲ့ဒီထောင့်မှာ ရပ်နေတုန်း …..
မောဟရိုက်ကွင်းက ဇာတ်ကောင်
ငါ့လိုကောင်ကို
တစ်မြည့်မြည့် စိုစွတ်မှုတွေကလွတ်အောင်
ဟော့ဒီ စာရွက်တွေနဲ့ လောင်ကျွမ်းပစ်လိုက်ကြပါ…..
မျက်နှာဖုံးကိုတော့ဝတ်ရမှာပျင်းတယ်…..
အတိတ်မျက်နှာပြင်ကိုပဲ
အက်ကွဲပြီးသားပန်းသီးလို အခါခါပြုတ်ကျ
တစ်ခန်းတစ်နားဖွဲ့သီခွင့်မရခဲ့တာ
ဒီလို ရနံ့မျိုးလားကွာ…
ရှိပါစေတော့…..
အရင်အတိုင်းပြန်မဖြစ်တာကလွဲလို့
လောကအက်ကြောင်းထဲ
တစ်စစီ ငါ့ကိုယ်ငါကောက်ဆက်
ညှိမည်းစွန်းကွက် နေ့တွေဟာ
သံပတ်ကုန်ခဲ့ပြီလား မပြောတတ်ပါ
ကြယ်ကြွေညတွေကဘယ်တော့မှမဆုံးသလိုမျိုး…
မင်း ကိုငါချစ်ရဲ့…
ဝတ်မှုန်တစ်စက်လို မင်း ကိုငါမြတ်နိုးရဲ့…
အလင်းတော်နဲ့ မွှေးသက်နေတဲ့တိမ်တစ်ပွင့်ကို
နောက် မနက်သစ်ရဲ့ အာရုဏ်ဦးလို…
ငါ
စောင့်မျော်နေရဲ့…
နောက်ထပ်
ထပ် မရွှာခဲ့ရင်ကောင်းမယ် ။ ။
စုန်းပြူး
Comment #1
မင်း ကိုငါချစ်ရဲ့…
ဝတ်မှုန်တစ်စက်လို မင်း ကိုငါမြတ်နိုးရဲ့…
အလင်းတော်နဲ့ မွှေးသက်နေတဲ့တိမ်တစ်ပွင့်ကို
နောက် မနက်သစ်ရဲ့ အာရုဏ်ဦးလို…
ငါ
စောင့်မျော်နေရဲ့…