Professional Authors

ရေနည်းရက်ချိန်း

(၁)

ဒီနှစ်ထဲမှာပဲ
သရဲသဘက်ဆောင်းဟာ
မြောက်ပြန်လေလက်မောင်းကို မြောက်တဲ့ပြီး
အမေ့ရဲ.အသက်ဓာတ်ကို
ဖျတ်ကနဲ ရိုက်ခြွေလိုက်မယ် ဆိုတာကို
ဘယ်သူ သိတတ်ခဲ့မှာလဲ။

အ၀င်နောက်ကျခဲ့တဲ့ဆောင်း
အမေ့ကိုလှည့်ပတ်ချောင်းမြောင်းနေခဲ့တယ်
ယိုင်ရွဲ.နေတဲ့ အိမ်ထရံကြားကနေ
လက်သည်းစရှည်ရှည်တွေဆန်.ထုတ်
အမေ့ရဲ.အဆုတ်ကိုဖျစ်ညှစ်
ဆောင်းဘီလူးရဲ. တဖက်သတ်စစ်ပါ။

တကယ်ဆို
ဆောင်းကိုငါချစ်ပါတယ်
တစ်ခုသောနှစ်ရဲ. ဒီဇင်ဘာမှာ
အမေဟာ သူ.အသက်ကိုရင်း
ငါ့ကို လူ.လောကထဲ စာရင်းသွင်းခဲ့တာကိုး။

အို….ဆောင်းစစ်သူကြီး
သင်ဟာ ပုတီးတစ်ဖက် ဓားတစ်ဖက်နဲ.
မည်သို.သောလက်ကို အသုံးပြုမှာလဲ
ငါမဝေခွဲတတ်ခဲ့ခြင်းအား
ငါ့အမှားပဲထားပါလေ
အခုတော့
အားလုံးနောက်ကျသွားပါပြီ
အားလုံးနောက်ကျလို. သွားခဲ့ပါပြီ။

နှစ်သိမ့်သလိုလို
ငါ့ပါးပြင်ကို ပွတ်သပ်နေတဲ့နှင်းတို.
ဒင်းတို.မဟုတ်သလိုပါပဲလား
ဖြစ်များဖြစ်နိုင်မယ်ဆို
ဟောဒီသွေးခဲရက်စွဲတွေကိုဆွဲဆုတ်
နှင်းပြက္ခဒိန် အသစ်လုပ်ပေးကြပါ။

သားတစ်ယောက်ရဲ. ငိုညည်းသံရှည်
ဆောင်းပြန်လေမှာမျှင်သေးမျောလွင့်
ဟောဒီဒဏ်ရာနေ.ရက်တွေမှာ
“ရေနည်းကန်.လန်.ကာ” ဖွင့်လိုက်ပါပြီ။

(၂)
အဲဒီနေ.က
နှင်းလက်ဖ၀ါးတို.ဟာ
အရာရာကို အလျားလိုက် ရိုက်ခတ်နေခဲ့တယ်
ကိုယ်ချင်းစာတတ်မယ်ဆိုရင်
အမေတစ်မြို.ငါတစ်မြို.ရာဇ၀င်ကို
သူမြင်ဖို.ကောင်းပါရဲ.
လွန်ခဲ့ပြီကောဆောင်းရေ………..
လောကဓံရယ်
အမေ့ကိုတိတ်တဆိတ်လုပ်ကြံမှ
ငါ့ကို နာကျင်စေမယ်ဆိုတာကို
ဘယ်နည်းဘယ်ပုံသိခဲ့ပါသလဲ
စစ်သူရဲတွေ ကုဋေချီပြီး
အမေ့ခန္ဓာအိမ်ကိုဝင်စီးခဲ့တယ်။

ငါကတော့
အဝေးတစ်မြို.မှာ
အမှတ်မဲ့စွာ အလုပ်များနေခဲ့တယ်
ကံတရားရဲ.“သွေးစီရင်ချက်”ကို
ငါ့လက်ထဲကို ဖြောင်းကနဲရိုက်သွင်းဖို.
သူငယ်ချင်းတစ်ယောက် ရောက်လာခဲ့ပြီ
အဲဒီနေ.ကပေါ့အမေ။

“မင်းအိမ်က ဖုန်းဆက်တယ်
မင်းအမေ အသညးအသန်ဖြစ်နေတယ်
ချက်ချဉ်းပြန်လာပါ……….တဲ့”
အေးစက်တုန်ဟည်း
ငါ့နားထဲမှာ
ကမ္ဘာကြီး ပြိုသွားတယ်။

လှိုက်ပြာသွေးဆုတ်
သူပြောတာအရေးပေါ်တဲ့
ကျွန်တော်ဘာလုပ်ရမလဲ
စိတ်ထဲမှာ ပူလောင်ပွက်ထန်
အိမ်ကိုအမြန်ပြန်ရမယ်
အိမ် ကို အ မြန် ပြန် ရ မယ်
အိမ် ကို အ မြန် ပြန် ရ မယ်။

ကျောပိုးအိတ်ထဲကို
ဘာတွေထည့်မိသလဲတော့မသိဘူး
အရူးအမူးပြင်ဆင်
အလျှင်အမြန် အိတ်ကိုအဆွဲ
စားပွဲတင်ပန်းအိုးဟာ
ခွမ်းကနဲ ကျကွဲသွားတယ်။

အို……..နိမိတ်လား အတိတ်လား
ငါမစဉ်းစားနိုင်ဘူး
အဦးဆုံး အိမ်ကိုရောက်ဖို.
နတ်ကောင်းတို.ကူကြပါ။

(၃)

အရှည်လျားဆုံးကားခရီး
ပြီးပဲမပြီးနိုင်တော့ဘူး
လက်သီးဆုတ်ထဲမှာပူပန်ခြင်းတွေပူးကပ်
တင်းကြပ်နင့်ဝင်
ဆံပင်တွေကိုတိုးဝှေ.တဲ့ လေကတောင်
အေးမြမှုကို မပေးစွမ်းတတ်ဘူး။

ကားကကြပ် လူကကြပ်နဲ.
ငါ့နှလုံးသား ညပ်နေလို.များ
ဟောဒီ မျက်ရည်တွေက စိမ့်ထွက်လာသလား
လက်ဖ၀ါးမှာ ပုတီးကိုကွယ်ဝှက်စိတ်လို.
ငါ တိတ်တိတ် ငိုမိတယ်။
ငါ့ဘေးကရယ်ကြမောကြသူတို.
ပျို.တက်လာတဲ့ စိုးရိမ်သောကကို
ဖိမြိုမချတတ်သူ လူငယ်တစ်ယောက်အား
သတိမထားမိကြပါနဲ.
သူ.ရဲ.အမေဟာသူ.ကမ္ဘာ
သူ.ရဲ.အမေဟာသူ.စကြာဝဠာ
သူ.အဖို.အရာရာမို.ပါ။
ဒီနေ.ကျမှ နေ၀င်တာစောတယ်
ဝေါကနဲ ပြိုဆင်းလာတဲ့ အနက်ထုထည်
ဘယ်နတ်ဆိုးတွေဖြစ်မလဲ
တောင်ပံအမည်းနဲ.ပျံသန်း
ခိုကိုးရာမဲ့ အမေ့ဝိဥာဉ်ကို
ဇွတ်လိုက်ဖမ်းနေကြတာ။

ငါ့လက်မောင်းဟာ ငါ့အားကိုးရာဖြစ်တယ်
ပုတီးတစ်ကုံးနဲ.
တစ်လုံးချင်းတစ်လုံးချင်း
တည်ငြိမ်မှုကို ပြန်လည်ဖန်ဆင်းကြည့်တယ်
မလွယ်ပါဘူးအမေ
ငလျှင်မြေမှာ တိုင်ထူမိသူပါ။

အေးစိမ့်မှုကို အနှစ်အထိခွာချနေတဲ့လေမှာ
ငါ့ဇာတိကို ခြေချမိခဲ့ပြီ
မာရ်နတ်ရဲ. ပဉ္စလက်ကြောင့်
အနက်ရောင်ထနေတဲ့မြို.လေးရေ
အမေ့ကို ကာကွယ်ပေးထားပါ။

(၄)

တစ်လှမ်းချင်း တစ်လှမ်းချင်း
သောကနဲ.တင်းကြပ်လာတဲံဦးခေါင်း
ခြေထောက်ကမညောင်းသေးဘူး
ခြေဦးက တွန်.ဆုတ်ခဲ့ပြီ
ဒီမြေကိုလာစဉ် ကြားကာလမှာ
အမေ.ရဲ.ဘ၀ဟာ…………..
ရောက်ချင်တယ် မရောက်ရဲဘူး
ထူးထူးဆန်းဆန်းဒွိဟနဲ.
တစ်စတစ်စနီးကပ်
ခြံဝမှာ ခြေစုံရပ်မိပြီ။

တစ်ယောက်ယောက်ကို လှမ်းခေါ်လိုက်ဖို.ကြံတယ်
အသံတွေတုန်နေမယ်ထင်တယ်
အရင်ကလှမ်းခေါ်ရင်
ဘယ်သူဘယ်ဝါခေါ်တာမှန်း
အမေကတန်းသိတယ်
အခုထိမခေါ်ရဲဘူး
အမေမထူးလိုက်မှာကိုစိုးတယ်။

တစ်စက္ကန်. နှစ်စက္ကန်.
တစ်မိနစ် နှစ်မိနစ်
အထစ်ထစ်အငေါ့ငေါ့ ခေါ်မိတယ်
ရှိနေတဲ့ အိမ်နီးချင်းတစ်ယောက်က
ခြံဝကိုတံခါး လာဖွင့်တယ်
ဘယ်မှာလဲကျွန်တော့်အမေ
အမေ အမေ
အမေရော…………
…………………………
…………………………………
……………………………………………….
“ညီလေး
စိတ်အေးအေးထားပါ
မင်းအမေ ဆေးရုံမှာ…”

(၅)

အမေ
ပိုက်တွေနဲ.ပါလားအမေ
ဆေးရည်တွေ တစ်စက်တစ်စက်
အမေ့အသက်ကို လုနေတာ။

အမေ့ဘေးမှာ ငါ့အစ်မ
သောကကြောင့် တောင့်တောင့်ကြီးရပ်နေတယ်
ငါကတော့
ဖျတ်ကနဲဖျတ်ကနဲ အသံမြည်ဆင်းတဲ့
ပုလင်းထဲကဆေးရည်တွေကိုငေးရင်း
ရင်တွင်းမှာ ဘာမှမရှိတော့ဘူး။

ပါးလှပ်လှပ် အမေ့ခန္ဓာကိုယ်ဟာ
အ၀တ်တစ်စကို
အလျားလိုက်ပုံချထားသလိုပဲ
ခပ်လွှဲလွှဲလေးစောင်းနေတဲ့
အမေ့ခေါင်းကနဖူးဆံစမှာ
ဆံပင်ဖြူတွေ ပြေလျ ရှုပ်ပွလို.
ကျွန်တော် ဖြီးပေးခွင့်ကော ရပါဦးမလား။

အမေ့လက်ကလေးကိုဆုတ်ယူမိတယ်
ကြည့်……..ချိနဲ.လို.
အရေတွေတွန်.ကျလို.
အကြောအဆစ်တွေ ဟီးထလို.
ကျွန်တော်တို.ကို ထူမတ်ပေးခဲ့တဲ့
အားကောင်းမောင်းသန်ဟောဒီလက်ပိန်ပိန်တွေ
အမေ ကျွန်တော်ရောက်ပြီလေအမေ။

ဟောဒီ ပိန်ပါးချိနဲ.အမေအိုက
ငါတို.ကိုအုပ်မိုးစောင့်ရောက်ခဲ့သူပါလား
ဘယ်လိုအင်အားမျိုးပါလားလို.
ငါတို. ခန်.မှန်းလို.ကိုမရတဲ့
အနန္တစွမ်းအားတွေ အကြိမ်ကြိမ်ကို
ပိန်လှီတဲ့ နှလုံးသားက ပေးခဲ့ပါ့လား။

စာမတတ်ပေမတတ်လို.
ကျွန်တော်အထပ်ထပ်“စ”ဖူးတဲ့အမေ့ကို
ကျွန်တော်ငေးနေမိတယ်
လေးမြတ်စွာ ဆို.သိမ့်စွာ
ငေးမိတယ်
ဂုဏ်ယူစွာ အားငယ်စွာ
ငေးမိတယ်
အမေရယ်…………..
အသက်ရှူပုံက နှေးနှေးနဲ.မျှင်းမျှင်း
တစ်ချက်တစ်ချက် ပြင်းပြင်းထရှိုက်တယ်
အားမရလိုက်တာအမေ
အိပ်နေတာပဲ ဖြစ်ပါစေတော့
ဖြူဖျော့ဖျော့မီးရောင်အောက်က
ကြောက်မက်ဖွယ် အိပ်မက်ဆိုးကို
ဖျတ်ကနဲ လန်.သာနိုးလိုက်ချင်တယ်။

ကျွန်တော်သိလိုက်ပါပြီအမေ
ဟောဒီလိုအခြေအနေမှာ
အမေသတိပြန်လည်လညဖို.ဆိုတာ
မျော်လင့်စရာ သိပ်မရှီတာ့ပါဘူး
ဒါပေမယ့်အမေ
ကျွန်တော်ထင်နေတယ်
အမေဘာမှမဖြစ်ဘူး
အမေနေကောင်းလာတော့မှာ……
အမေ့ကျေးဇူးကိုမဆပ်ရသေးဘူး
စူးကနဲ ၀င်လာတဲ့အတွေးဓာတ်ကြောင့်
ဆတ်ကနဲကျွန်တော် တုန်သွားတယ်
ဘုရား… ဘုရား…
နှလုံးသားအထိ စိမ့်သွားတဲ့တုန်လှုပ်မှုဟာ
ခန္ဓာကိုယ်တစ်ခုလုံး ကျင်တက်အေးစက်စေတယ်။

လည်မြိုအထိ တက်လာတဲ့ဆို.နင့်ခြင်း
အတင်းဖိသွင်းလို.မရတော့ပါလား
စကားမဲ့နေတဲ့ အစ်မကိုကြည့်တော့
သူလည်းအမေ့ကို မချိတရိငေးလို.
သူရော ဘာတွေတွေးနေမလဲ။
(၆)

သူနာပြုတွေ ၀င်တယ်ထွက်တယ်
လက်မောင်းပိုက်ကနေ နှာခေါင်းပိုက်ကနေ
ဆေးရည်တွေဆေးပြားတွေ ထိုးသွင်းတယ်ဖျော်သွင်းတယ်
သေမင်းရဲ. မိုးနေတဲ့အရိပ်ကို
တိတ်ဆိတ်စွာ တွန်းလှန်ကြတယ်။

အမေကတော့အရာရာကို
ဥပေက္ခာပြုထားသလိုပဲ
ခဲမာအေးစက်နေတဲ့ဆောင်းကိုတောင်
အရင်လိုချောင်းဆိုးမနေတော့ဘူး
ရင်ထဲမှာစူးစူးရှရှနာမိတယ်။

ခါတိုင်းညမျိုးတွေမှာ
အမေ့ဘေးမှာကျွန်တော်အိပ်တယ်
တိတ်တိတ်နဲ.ကြိတ်ဆိုးနေတဲ့ချောင်းသံ
ခံနိုင်ရည်မဲ့ညတိုင်းကြားတယ်
အခုလည်းအမေရယ်
တအားကုန်ချောင်းဆိုးရင်း
နိုးလာလိုက်ပါတော့လား။

ဆောင်းရော အမေရော ညနက်ခဲ့ပါပြီ
အဝေးဆီက ပိုးအော်သံအမျှင်ရှည်ရှည်
တွေဝေမှုနဲ. ထုံအနေတဲ့ ငါ့ခေါင်းမှာ
အချိန်တွေနှောင်းနှောင်းသွားတာသိနေတယ်။

(၇)

ကြန်.ကြာနေတဲ့ အမေ့အသက်ရှူခြင်းဟာ
ပိုမျှင်းလာ ပိုညင်သာလာတယ်
တစ်ခါတစ်ခါ
လိုအပ်တာထက် ညင်သာလွန်းနေတယ်
အမေရယ်
ဇီဝတောင်စွယ်မှာ
နေကွယ်လို. ယွန်းတော့မယ်အမေ။

အစ်မကမျက်ရိပ်ပြတော့
ခပ်ဖွဖွလေး
သွေးခုန်နှုန်းကိုစမ်းကြည့်တယ်
လက်ဖျားတို.ရဲ.အထိအတွေ.မှာ
သွေးတိုးနှုန်းမတွေ.တော့ပါလား။

တုန်ရင်တဲ့လက်နဲ.
ညာဘက်ကို ပြောင်းပြီးသွေးစမ်းမိတယ်
မရှိတော့ပါဘူး
မထူးခြားတော့ပါဘူး။

ကျွန်တော့်ရဲ.လက်ဟာ
အမေ့ရဲ.ဘယ်ဘက်ရင်ခွင်ကိုဖိအုပ်တယ်
တဒုတ်ဒုတ်သွေးတိုးခြင်း
အလျှင်းမရှိတော့ပါလား။

ထူးဆန်းစွာပဲ
ငါ့ရင်ထဲက သောကတွေ
ဆို.နင့်နာကျင်ခြင်းတွေ
တမျှင်းမျှင်းပျောက်သွားတယ်
ဘာမှမဖြစ်တော့သလိုပဲ
စိတ်ထဲမှာလျော့သွားတယ်။

နှလုံးသားရဲ. အလည်ဗဟိုမှာ
ဗလာဖြစ်သွားတယ်
အဲဒီဗလာ
ကျယ်ပြန်.လာလိုက်တာ
နှလုံးသားလည်းဗလာ
ရင်ခွင်လည်းဗလာ
ငါ့တစ်ကိုယ်လုံးဗလာ
အို…….တစ်လောကလုံးဗလာ
ဘာဆို ဘာမှ မရှိတော့ပါ့လား
……………
……………………………….
…………………………………………
နာရီကိုမြှောက်ကြည့်တော့
သန်းခေါင်ယံတိတိ
သြော်…..လကွယ်သန်းခေါင်တိတိ
အမေလည်းမရှိတော့ဘူးလေ။

ပိယေဟိ
ဝိပ္ပယောကော ဒုက္ခော
လူသားတိုင်းမောဘူးကြတယ်
အတိအကျ အသက်ကြိုးကိုဖြတ်
တစ်စက္ကန်.မလွဲ
တကယ်ပဲ သပ်ရပ်လိုက်ပုံများ။

အမိမဲ့သားဟာ
ရေနည်းငါးဆိုရင်
ဟောဒီ ပစ္စင်မှာပဲ
ကျွန်တော်တို. ရေနည်းခဲ့ရပါပြီအမေ
ရေနည်းခဲ့ရပါပြီ။
(၈)
ဆရာမတွေ
ပိုက်တွေပိုက်တွေ ကိုဖြုတ်ကြပြီ
ဖြုတ်ကြပါစေလေ
စီးထွက်စရာ မေတ္တာရည်မရှိမှတော့
စီးဝင်စရာ ဆေးရည်လည်း မလိုတော့ဘူးပေါ့။

အမေ့လက်ကို ဆုတ်ယူကြည့်တော့
လက်ဖ၀ါးလေးထိနွေးနေသေးတယ်
လက်ဖျားလေးတွေတော့ အေးလာပြီအမေ။

စီစဉ်စရာတွေ ခေါင်းထဲမှာဆွဲနေတော့
ရင်ထဲက မပူပန်နိုင်ဘူး
အဦးဆုံးဘာလုပ်မလဲ
ပြီးရင်ဘာလုပ်မလဲ
နည်းနည်းတော့ သက်သာတယ်အမေ။
(၉)

အိမ်အပြန်လမ်းပါအမေ
အမေ့ကိုထမ်းစင်နဲ.ခေါ်ကြတယ်
နောက်ကနေ အစ်မရယ် ကျွန်တော်ရယ်
သယ်စရာတွေကို ခြင်းနဲ.ထည်.လို. ။

ဘာမှမပြောဖြစ်ဘူး
နစ်နေအောင် စူးတဲံအမှောင်ကိုပဲ
အသည်းအမည်းငေးမော
ပြောစရာလည်း မလိုတော့ပါဘူး
အမေ…..
ကျွန်တော်တို. ဘာပြောဖို.လိုပါသေးသလဲ။

အိမ်ကိုရောက်ပြီအမေ
အမေချစ်တဲ့ အိမ်ကိုရောက်ပြီ အမေ
အဖေ….ကဗျာကရာထလာတယ်
ကျန်းမာရေးကြောင့် လိုက်မလာပေမယ့်
သူ……အိပ်ပျော်ခဲ့ဟန်မတူပါဘူး။

အိမ်ရှေ.မှာ အမေ့ကိုပြင်တယ်
ကျွန်တော်က အိမ်ထဲဝင် အိမ်ပြင်ထွက်နဲ.
အနေခက်တယ်အမေ
ကျွန်တော် ဘယ်လိုနေရမလဲ
တကယ်ပဲလိုလို အိပ်မက်လိုလို
ကိုယ့်ကိုကိုယ်ပျောက်ဆုံး
ယူကျုံးမရဖြစ်လိုက်တာအမေ။

ပြင်လို.ဆင်လို.အပြီးမှာ
ပြန်သူပြန် အိပ်သူအိပ်
ကျွန်တော်တို.ပဲ
တိတ်ဆိတ်စွာ ထီးတည်းကျန်ခဲ့
အမေ့ရဲ.ဘေးမှာ အစ်မက
ဖွဖွကျုံ.ကျုံ.လေးထိုင်လို.
ခြေရင်းမှာ အဖေနဲ.ကျွန်တော်က ငိုင်လို……
……………………………………………………..
အမေ့ကိုတွေတွေကြီးငေးနေလိုက်ကြတာ
အကြာကြီးကြာတယ်
ကွယ်ကွယ်ဝှက်ဝှက်သက်ပြင်းတွေ
အတင်းအကြပ်မြိုသိပ်
ကြံဖန်ပြီးဇွတ်တိတ်ဆိတ်နေရတာမျိုး
နောက်ဆုံးမှာ အစ်မက တိုးတိုးညည်းတယ်
“ ဖြစ်မှ ဖြစ်ရလေ အမေရယ် ”……..တဲ့။

တစ်ခွန်းထဲ
လုံလောက်တယ်
ဟုတ်တယ်
ဖြစ်မှ……………… ဖြစ်ရလေ အမေရယ်
ဖြစ်မှ ဖြစ်ရလေခြင်း
တင်းထားသမျှ
ကျွန်တော် ပြေကျသွားတယ်။

အမေ
အမေ့သားအလတ်က အမေ့ကိုသိပ်ချစ်တာ
သူလာရင်ဘယ်လိုပြောရမလဲ
အမေ
သူ.ကို ဘယ်လိုပြောရပါ့မလဲ
အမေ
အဲသလိုကြီး မျက်နှာလွှဲမသွားပါနဲ.။

အမေ
ထပါဦးအမေ
ကျွန်တော်ရောက်နေတယ်အမေ
သားတွေမစုံသေးဘူးအမေ
အမေ
နေမယ်ဆို နေနိုင်ပါသေးတယ်အမေ။

အမေ
ကျွန်တော်ဖျားရင် ဘယ်သူချွေးသုတ်ပေးမှာလဲ
ကျွန်တော့်ကို ညကျ ဘယ်သူစောင်ထခြုံပေးမှာလဲ
မနက်ကျ ကျွန်တော့်အိပ်ယာ ဘယ်သူသိမ်းပေးမှာလဲ
အမေ တကယ်ပဲကျွန်တော့်ကို စိတ်ချလို.လား။

အမေ
ကျွန်တော် တာဝန်မကျေသေးဘူး
အမေ့ကိုဘုရားလိုက်မပို.ရသေးဘူး
အမေ့ကို အားဆေးဝယ်မပေးရသေးဘူး
အမေစိတ်ချမ်းသာအောင် မထားရသေးဘူး။

အမေရယ်
ရက်ရက်စက်စက်
ခွဲခွာရက်ပါပေ့
ခေါက်ခေါက်ရက်ရက်
လုပ်နိုင်ရက်ပါပေ့
စိတ်စိတ်ချချ
ထားမှထားခဲ့ရက်ပါပေ့အမေရယ်။

(၁၀)

အိမ်ထဲကိုဝင်
အမေ့ကုတင်ဘေးမှာရပ်မိ
အမေ့အိပ်ယာလေးကို ကြည့်တယ်
ကြမ်းပြင်ကိုလက်ဖ၀ါးနဲ.အဖိ
အေးစက်တဲ့ အတွေ.အထိမှာ
ကျွန်တော် မျက်ရည်ကျမိတယ်။

အခုတော့
ငြိမ်းချမ်းရပြီပေါ့အမေ
မျက်ခွံလေးတွေ လက်သည်းလေးတွေ
ယောင်စရာ မလိုတော့ပါဘူးအမေ
အိပ်ရေးပျက်ချောင်းမျောကြီးကို
မောအောင်ဆိုးစရာ မလိုတော့ပါဘူးအမေ။

ပန်းဖျားလိုက် အအေးပတ်လိုက်
ခေါင်းကိုက်စရာမလိုတော့ပါဘူးအမေ
တစ်ခါတစ်ခါ သလိပ်ထွေးအချမှာ
သွေးစ ပါစရာမလိုတော့ပါဘူးအမေ။

အမေ
ငြိမ်းချမ်းစွာနေပါတော့
အမေ့ရဲ.
ရောဂါမှည့်မှည့် ဘ၀ကြီးကို
စိတ်ချလက်ချ စွန်.ခွာပါတော့။

သားသမီးအတွက် ပူပန်ရခြင်းတွေနဲ.
အမေ့ဘ၀ ပွန်းပဲ့ ပိန်ပါးခဲ့ရပါပြီ
ထားခဲ့ပါတော့အမေ
ဘ၀ဘ၀တွေမှာ
ပေးဆပ်သူတို.ရဲ.ပါရမီကြောင့်
အမေကြည်ကြည်သာသာ နေရပါစေတော့။

အမေ ဟောဒီဘ၀မှာ အမေကချည်းပေးခဲ့တာပါ
ရောဂါတွေ ပူပန်မှုတွေ အဖိအစီးကို
မီးကျွမ်းအောင် ခံခဲ့ရတာပါ
အမေ…….သွားပါတော့။

ဘယ်သား ဘယ်သမီးအတွက်မှ
သောကတွေနဲ. မပူလောင်ပါစေနဲ.တော့
အိမ်ထောင်ရဲ. ငွေကြေးကိစ္စတွေလည်း
ခေါင်းမခဲပါနဲ.တော့။

ကျန်ရစ်သူတို.ရဲ. အပူမီး
တစ်ချိန်ချိန်တော့ပြီးသွားမှာပါ
အမေဘာမှ နောက်ဆံမငင်ပါနဲ.တော့။
မျက်ရည်တွေယိုစီး
“ အမေ ……….”လို. တိုးတိုးညည်းမိတယ်
ဖိစီးတဲ့ သောကကြောင့်
အသံက ထွက်မလာတော့ပါဘူး။

(၁၁)
အစ်မလား
သူလည်းငိုနေပြီပေါ့
သူ.ရဲ.သောကမီးက
ကျွန်တော်တို.ထက် ပိုကြီးတယ်
အိမ်ရဲ. တာဝန်ကြီးက
သူ.ပခုံးပေါ်မှာ ဖိစီးပြီအမေ။

အစ်မက တဖွဲ.တနွဲ.ငိုတယ်
ကျွန်တော့်လို
အငိုကိုထိန်းချုပ်
တစ်ကိုယ်လုံး တုန်လှုပ်မနေဘူး
အမေ
ကျွန်တော် ရူးသွားချင်လိုက်တာ။

အမေရယ်
ခွဲသူက ခွဲရက်တဲ့အခါ
ကျန်ခဲ့သူက ပိုနာတယ်
နှလုံးသားကို ဆွဲချေတာ
အသည်းတွေနာလှပါပြီအမေ။

(၁၂)
မနက်ကတော့ လင်းခဲ့ပါပြီ
ကျွန်တော်တို.မလင်းတော့ဘူး
အမေကျွန်တော့်ကို ထမင်းခူးမပေးတော့ဘူး
အိမ်ထဲဝင် အပြင်ထွက်နဲ.
အမေ့ရဲ. ဖိနပ်သံ မကြားရတော့ဘူး
မီးဖိုချောင်ကအချက်အပြုတ်
အမေမလုပ်တော့ဘူး
“အမေ……မိုးလင်းပြီ အမေရဲ. ”
အမေ
တံစက်မြိတ်ရဲ. အပြင်ဘက်မှာ
မဏ္ဌပ်တွေဆင်ကြပြီ
ဟိုလူဒီလူတွေ လာကြပြီအမေ
သူတို.က ၀မ်းနည်းရုံပါ
ကျွန်တော့်ရင်ထဲမှာ ကမ္ဘာပျက်တာပါအမေ။

အိမ်ထဲပဲဝင်ဝင် အိမ်ပြင်ပဲထွက်ထွက်
အမေ့ရဲ.ခြေရာလက်ရာတွေ
အမေရယ်
ကျွန်တော်တို. ငိုနေတာတွေ.ရင်
အမေ နှစ်ခါပြန်သေချင်မှာပဲ။

အမေ့စိတ်တိုင်းကျ
ကျွန်တော်နေပြချင်တယ်
အစစ နောက်ကျခဲ့ပါပြီ
ဒီကမ္ဘာ ဒီဘ၀မှာ
အမေ့ကျေးဇူး ဆပ်ခွင့်မရတော့ပါဘူး။

အမေ
ကျွန်တော်ငိုနေပါတယ်အမေ
သိပ်အသည်းမာတယ် ဆိုတဲ့ အငယ်ကောင်လေး
သည်းသည်းနင့်နင့် ငိုကျွေးနေပါတယ်အမေ။

အဝေးက သားတွေသတင်းကြားရင်
အမေ၀မ်းသာမှန်းသိရဲ.သားနဲ.
ဖုန်းမဆက် စာမပါးခဲ့တဲ့အမေ့သား
သူ……ခံစားနေရပါတယ်အမေ။
သူက ဒီရောက်တုန်းသာ ငါ့ကိုချစ်တာဆိုတဲ့အမေ့သား
အခု…..အမေ့အနားမှာပါအမေ
ကျွန်တော် အနားမှာပါအမေ။
အမေ့သား အကြီးကောင်လာပြီအမေ
သူလည်းငိုရပြီ
ယောက်ျားကြီးတစ်ယောက် အံကိုကြိတ်ပြီး
အတင်းမြိုသိပ် ငိုနေတဲ့မြင်ကွင်း
ရင်ထဲမှာ တင်းကြပ်ဆိုးနင့်လိုက်တာ။

(၁၃)

နေ.လည်သုံးနာရီခွဲပြီအမေ
လူတွေလည်းလာကြပြီ
အမေ.ဘ၀ရဲ.နောက်ဆုံးခရီး
လိုက်ပြီး ပို.ကြတော့မယ်။

အမေ
နိဗ္ဗာန်ယဉ်ရောက်လာပြီအမေ
အမေ့ကိုခေါ်ဖို.တဲ့
အစ်ကိုနဲ.ကျွန်တော်
အမေ့မျက်နှာကိုဖေါ်ရင်း
နောက်ဆုံးသောကြည့်ခြင်းနဲ.ကြည့်ကြတယ်။

မကြည့်ရက်စရာပါအမေ
ပါးလေးတွေခွက်လို.
မျက်ခွံတွေနက်ဝင်လို.
နဖူးပြင်ကတွန်. ….လို.
ဆံစတွေ ဖွာလို. ……..

နှလုံးသားမှာ ဆို.တက်လာတယ်
မျက်ရည်ကျလို.မရတော့လောက်အောင်ကို
ငိုပြီးသားမျက်လုံးတွေမှာ
မျက်ရည်တွေဖုံးလာပြန်တယ်
အမေရယ်
တကယ်ပဲခွဲသွားခဲ့ပြီကော။

မြေပြင်မှာဝပ်စင်း
အမေ့ခြေရင်းမှာ ဒူးညွှတ်ရိုကျိုး
ကျွန်တော် ရှိခိုးလိုက်ပါတယ်
အပြစ်ရှိရင်ကျေပါ
အပြစ်ရှိရင်ကျေပါ
အပြစ်ရှိရင်ကျေပါတော့ အမေ။

(၁၄)
သချိုင်္င်းမြေ
အေးချမ်းသွားသူတွေနေထိုင်ရာ
တခြားသော ကမ္ဘာပေါ့အမေ
အဲဒီမှာအမေနေရမယ်။

အမေ
အစ်မတော့ ကမ္ဘာပျက်အောင်ငိုနေပြီ
ကျွန်တော်လား
ထူးမခြားနားပေါ့အမေ
ခြေလှမ်းတို. ညွှတ်ကျ
မနည်းတင်းထားရတယ်။

အမေ့ကိုကျင်းမှာချပြီအမေ
အမေ့ကိုထားခဲ့ရတော့မယ်အမေ
အိမ်ပြန်ရောက်ကတည်းက
နှုတ်ဖျားက ထွက်မရတဲ့အခေါ်
ကျွန်တော်အော်မိတယ်
“ အမေ
အမေ
အမေ ”

ကွဲအက်ပြတ်ရှ
ကိုယ့်နှလုံးသားကိုခြေမွရသလိုပဲ
တွင်းထဲကိုမြေခဲတစ်စ
ကျွန်တော် ငိုရင်းတွန်းချလိုက်ပါတယ်။

အမေ
နေခဲ့ပါတော့အမေ
ပူလောင်ခါးသီး
အမေ့ဘ၀ကြီးကိုပစ်ခွာ
အေးချမ်းစွာနေပါတော့။

(၁၅)
အပြန်လမ်းကျ
အစ်မပခုံးကိုနှစ်သိမ့်ဖျစ်ညှစ်
ကျွန်တော် မငိုဖြစ်တော့ပါဘူး
စိတ်ကူးထဲမှာ လင်းသွားတယ်။

အမေဟာ
မေတ္တာရဲ. တရားဓမ္မကို
အကောင်းဆုံးပြသသွားသူဖြစ်တယ်။

စာအုပ်များရဲ. အပြင်ဘက်မှာ
“ပညာနဲ.လောက” ကိုသင်ကြား
ကျွန်တော့်ရဲ. ဆရာသမားတစ်ဦးပါပဲ။

အခု
သူ.ရဲ. နောက်ဆုံးသောသင်ခန်းစာဟာ
နာကျင်ခြင်းကို မြိုသိပ်
တိတ်ဆိတ်စွာ ရှင်သန်ခြင်းပဲဖြစ်မယ်။

သူသိပ်ချစ်သော သားများနဲ.ဝေးကွာခြင်းကို
အမေ ဘယ်လိုအံတင်းခဲ့ပါသလဲ
ကွဲကွာစွာ အထီးကျန်မှုကို
အမေဘယ်လို အံတုခဲ့ပါသလဲ
ရင်ထဲမှာတရားတစ်ခု
သူ.အလိုလိုဖြစ်ထွန်းလာတယ်။

အမေရေ
မေတ္တာတရားဟာ
ဖွင့်ထားတဲ့ကောင်းကင်ဖြစ်တယ်
ဦးသစ်သောတောင်ပံနဲ.
ပျံသန်းခွင့်ပေးခြင်းဖြစ်တယ်
ဖွင့်လှစ်ထားတဲ့အမေ့ကောင်းကင်မှာ
ကျွန်တော်တို.ပျော်ရွှင်ခဲ့ရခြင်းဟာ
ဟောဒီတရားကြောင့်ပါလား။

လှောင်ချိုင့်နဲ.ကောင်းကင်
ကျွန်တော်ခွဲခြားမြင်ခဲ့ပြီ
နောင်လာမယ့်မျိုးဆက်
ကျွန်တော့်ရဲ.အသက်ဝိဥာဉ်
အရာရာကို အထိန်းအချုပ်မထားချင်တော့ဘူး။

အမေဟာ
သူကိုယ်တိုင်မသိတဲ့ တရားထူး
ငါ့တစ်ဦးတည်းကို ဟောသွားတယ်
ဘယ်အရာနဲ.မှ မတူတဲ့
အမေ့ရဲ.ပေးဆပ်ခြင်းပါပဲ။

(၁၆)
အဲဒီလိုနဲ.ပဲ
မိခင်တိုင်းကိုငါ ဦးညွှတ်ရတော့မယ်
အမေကွယ်ပျောက်သွားတဲ့မနက်ဖြန်မှာ
အမေများစွာ ရှိလာတော့မယ်။

သစ်ပင်ကိုလည်းငါမြင်ပြီ
သစ်တောကိုလည်း ငါမြင်ပြီ
မိခင်တွေ
မိခင်လောင်းများတွေ
ငါတို. ထားလို.မရတဲ့မေတ္တာတရား
သူတို.ဘယ်လိုသင်ကြားတတ်မြောက်ခဲ့ပါသလဲ။

ပန်းကိုချစ်သူဟာ သစ်စေ့ကိုချစ်သလိုမျိုး
ပျိုးပင်ကိုချစ်သူဟာ လယ်သမားကိုချစ်သလိုမျိုး
မိန်းမတွေကို ငါရိုကျိုးလိုက်ပါပြီ
ယောက်ျားတစီဦးရဲ. ထီမထင်မာန
သူတို.ရှေ.မှာ ငါလျော့ချလိုက်ပါတယ်။

(၁၇)
ဒါပေမယ့်
ဒါပေမယ့်ပေါ့လေ
တစ်စုံတစ်ခုသောဆန္ဒက
ငါ့ရင်မှာ တဖွတရ တုန်ခါနေတယ်။

ထက်အောက်လည် သံသရာအကွေ.တိုင်းမှာ
အမေနဲ. ပြန်တွေ.ချင်တယ်။

တွေ.တဲ့ အခါတိုင်းမှာလည်း
မလွဲမသွေ
အမေ့ရဲ.အနားမှာ
အမေနဲ.သားအဖြစ်
အမေ့ရဲ.သား ဖြစ်နေချင်တယ်
အမေ့ရဲ.သား ဖြစ်နေချင်တယ်
ငါ့အမေ့ရဲ.သား အဖြစ်
အားရပါးရ နေပစ်ချင်ပါသေးတယ်အမေ။ ။
(၄.၁၂.၂၀၀၂ တွင်ကွယ်လွန်သွားသော အမေသို.)
မော်နီ
၎.၁.၂၀၀၃

In: ကဗျာ Posted By: Date: May 24, 2010  
Comment #1

ရှည်ပါတယ်(ကြိုပြောထားတာ)
ဒါပေမယ့်အဖတ်စေချင်ဆုံးကဗျာပါ
ကို.ရဲ.masterpieceလို.ယူဆထားတာပါ
ရေးတုန်းက ရွတ်ဖို.ရည်ရွယ်ရေးခဲ့တာပါ
ဖတ်မယ်ဆိုရင် တော်တော်ဖတ်ရမှာပါ
အမေနေ.မန္တလေးဆေးကျောင်းကဗျာရွတ်ပွဲမှာအားလုံးမျက်ရည်ကျရတဲ့ကဗျာပါ
ဟီးဟီး(ကြော်ငြာတာဟုတ်ပါဘူး)

commentinfo By: mawni at May 24, 2010
Comment #2

တကယ်ပါ
ကောင်းတယ်လို့ပြောရင်ဝတ်ကျေတန်းကျေလို့ထင်နေမယ်
ရင်ဘတ်ထဲအထိရောက်ပါတယ်……။

commentinfo By: aunghmuekoko at May 24, 2010
Comment #3

mastepiece ပီသပါပေတယ်

commentinfo By: aunghmuekoko at May 24, 2010
Comment #4

immmmmmmmmmmmmmmmmmmmm….
အဲလောက်ထိ မဟုတ်တောင်
မေမေ ဆေးရုံတက်တုန်က မေမေ့ကို စကားမပြောရဲဘူး.. ပြောလိုက်တဲ့ အသံမှာ ငိုသံပါရင် မေမေ စိတ်နှောင့်ယှက်ဖြစ်မှာစိုးလို့.. ပြီးတော့ ကဗျာထဲကလိုပဲ မေမေ ပြန်မထူးမှာစိုးလို့ …
ဘယ်သူတွေရဲ့ အမေတွေကိုမှမသေစေချင်ဘူး …
ဘယ်သူ့ကိုမှလည်း မသေစေချင်ဘူး…
သေသေချာချာ ဖတ်သွားပါကြောင်း….

commentinfo By: melodyphyO at May 24, 2010
Comment #5

ကိုမောနီ ..

တစ်ကယ်ပါဗျာ။ ဒါတစ်ကယ့် masterpiece ပါပဲ။ တစ်ကယ် ရင်ထဲထိ ရောက်တဲ့ ကဗျာပါ။

ကျွန်တော် ကဗျာမှာ space တွေပိုနေလို့ edit လုပ်ပေးထားပါတယ်။ ပြီးတော့ Editor’s Choice ထဲမှာပါထည့်ထားပါတယ်။

ကဗျာတွေတင်ပါဦးဗျာ။ စောင့်ဖတ်နေပါတယ်။

commentinfo By: Thet Twe at May 24, 2010
Comment #6

ဖတ်ရင်းနဲ့စိတ်ကိုတင်းထားတယ်…
တစတစနဲ့….ဆက်တင်းပြီးဆက်ဖတ်တယ်..
တဝက်တပျက်နဲ့ထားလိုက်မလို့…
မရဘူး..ဆုံးအောင်ဖတ်ချင်တယ်…
ကဗျာလဲဆုံးရော….
အခန်းကျဉ်းကျဉ်းထဲမှာ…မိုးတွေသဲရောပဲ…

commentinfo By: အမရာ at May 24, 2010
Comment #7

ကျွန်တော် မနည်းကို စိတ်တင်းပြီး ဖတ်ရတဲ့ ကဗျာ တပုဒ်ပါပဲ။ ကဗျာဖတ်ပြီးပြီးချင်း ဆွံ့အ သွားသလို ခံစားရတယ်။ ဒီကဗျာကို အခုမှ ဖတ်မိလို့တောင် ကိုယ့်ကိုကိုယ် စိတ်တိုမိတယ်။ ကဗျာရေးသူ ကိုယ်တိုင် နောက်ထပ် ဘယ်သောအခါမှ ဖန်တီးနိုင်စွမ်း မရှိတော့မဲ့ အရေးအသားမျိုးပါပဲ။ သိပ်ကောင်းပါတယ်။

commentinfo By: ChIr0N at May 25, 2010
Comment #8

ဘယ်လိုကောင်းတယ်လိုပြေားရမှန်းမသိအောင်ပါပဲဗျာ။

commentinfo By: happywin at Jun 3, 2010
Comment #9

ကဗျာကိုမဖတ်ရသေးဘူး
comments တွေပဲဖတ်သေးတယ်
ဒီကဗျာက ကျွန်တော်အတွက်
ညတာတွေ တိုရတော့မယ်

နဖူးပေါ်လက်တင်ပြီး
ကဗျာလား
ဘ၀လား
အော်

commentinfo By: kokozaw at Jun 3, 2010
Comment #10

ဘာပြောလို.ပြောမှန်းကို မသိတော့ပါဘူးဗျာ။ ဖတ်ရင်းနဲ. မျက်ရည်ဝဲမိပါတယ်ဗျာ။ လေးစားပါတယ် အကို

commentinfo By: ထင်လင်း at Jun 6, 2010
Comment #11

nice

commentinfo By: MyoZaw at Jun 7, 2010
Comment #12

ကျွန်တော်နဲ.အမေ နေရာခြင်း ဝေးနေပါတယ်။အမေနေကောင်းကျန်းမာဆဲပါ။
……ဒီကဗျာကို လေးလေးမှန်မှန် ဖတ်နေရင်း…..
ဖတ်နေရင်း အလိုလို မျက်ရည်ကျလာတယ်။
….ဒါပထမဆုံး ကြုံဖူးတာပဲ။

commentinfo By: nmz at Jun 8, 2010
Comment #13

သိပ်ကောင်းလွန်းလို့ နည်းနည်းစီ ခြွေဖတ်နေရတယ်
နည်းနည်းဖတ်လိုက် ငိုလိုက်နဲ့ ကြာတော့ ဘေးက လူကိုတောင် ရှက်လာတယ် 😛
အမေရှိရဲ့သားနဲ့ အမေ့ကို ဂရုမစိုက်ခဲ့တာတွေ ခုမှ နောင်တရမိတယ်
ကျေးဇူးတင်ပါရှင် စာတလုံးဟာ လူပေါင်းမြောက်များစွာကို ပြောင်းလဲစေပါတယ်
အမေ ရှိသေးတဲ့ သူတွေကို ဖတ်စေချင်ပါတယ်

commentinfo By: ei at Jun 9, 2010
Comment #14

ကျွန်တော် စာဖတ်ရတာဝါသနာမပါဘူး

ဒါပေမဲ့  ဒီစာကိုစဖတ်မိတာ

ဆုံးသွားမှာကိုတောင်ဆိုးတယ်

ဒါဆိုကျွန်တော်ကဗျာကောင်းကောင်းမဖတ်ဖူးဘူး

ကျွန်တော်ဒီကဗျာထက်ကောင်းတာကိုရှာလို့ တွေ့ နိုင်မယ်မထင်ဘူး

ထပ်ရေးပါအုံှးဗျာ

commentinfo By: ကိုဇော် at Jun 9, 2010
Comment #15

ဖတ်ပြီးတဲ့ သူတွေကို မေတ္တာရပ်ခံချင်ပါတယ်
comment လေးမှာ ကိုယ့်ရဲ့ ခံစားချက်လေးတွေ ရေးပေးခဲ့ပါ

commentinfo By: အိလေး at Jun 12, 2010
Comment #16

ဒီဆိုဒ်ကို သူငယ်ချင်းတစ်ယောက်က လမ်းညွှန်တယ်။ ကဗျာတွေ အစုံအလင်ဖတ်ချင်ရင် ဒီဆိုဒ်လေးကိုသွားတဲ့။
ဖွင့်တောင် ဖွင့်ပေးသွားသေးတယ်။ ဒါပေမယ့် တစ်ပုဒ်တောင် မဖတ်ဖြစ်ခဲ့ပါဘူး။ နောက်သူငယ်ချင်းတစ်ယောက်က ပြောတယ်။ အရမ်းကောင်းတဲ့ ကဗျာတစ်ပုဒ်ရှိတယ်တဲ့။ အမေအကြောင်းကိုရေးထားတာတဲ့။ ဖတ်ရင်းနဲ့တောင် မျက်ရည်ကျရတယ်တဲ့။ ညွှန်းလွန်းတော့လည်း လိုက်ရှာပြီး ဖတ်ရတာပေါ့။ Editor’s Choice ထဲမှာ ရှိတယ်လို့ပြောတယ်။ ကဗျာနာမည်တွေကို ကြည့်ရင်း ဖတ်ပေမယ့် နှစ်ပုဒ်ဖတ်ပြီး ငါရှာနေတဲ့ကဗျာမဟုတ်ဘူးဆိုတာ သိလိုက်ပါတယ်။ ဒုတိယမြောက်ရက်မှာ နောက်တစ်ကြိမ်ဝင်ဖတ်ချိန်မှာ Comment အများဆုံးကဗျာဟာ အားလုံးကြိုက်တဲ့ ကဗျာဖြစ်ကောင်းပါရဲ့လို့ တွေးရင်း ဖတ်မိတယ်။ တကယ်ကိုကောင်းပါတယ်။ ဒါပေမယ့် ကဗျာဆရာရဲ့ Comment ကိုတော့ မကြိုက်ဘူးဗျာ။ ကွန်မန့်ကို မကြိုက်တဲ့အကြောင်းပြောရင် အားလုံးက ၀ိုင်းမုန်းဝိုင်းပြောတာကို မခံချင်ဘူး။ ကဗျာကို ပဲ ချီးမွမ်းလိုက်ပါတယ်။ ကဗျာကတော့ တကယ်ကောင်းပါတယ်။ ကျွန်တော် တော်တော်လေးကို လေးစားပါတယ်။ တကယ်လည်း ရသမြောက်အောင်၊ အနုပညာမြောက်စွာရေးထားတဲ့ ကဗျာကောင်းတစ်ပုဒ်ပါပဲ။ အမေတစ်ယောက်ရဲ့ နောက်ဆုံးခန်း၊ သားတစ်ယောက်ရဲ့ ခံစားချက်၊ ဒီဇာတ်ကွက်ကို ပေါ်အောင် ရေးထားတဲ့ အနုပညာကိုလေးစားကြောင်းပြောပါရစေ။

commentinfo By: ပီတာ at Jun 20, 2010
Comment #17

ကျွန်တော် ဒီကဗျာလေးကို မြန်မာကျူးပစ် ဖိုရမ်မှာ တင်ပေးချင်လို့။
ကဗျာဆရာကို ခွင့်တောင်းပါတယ်။ ကိုမော်နီ့ နဲ့ ဒီဝက်ဘ်ဆိုဒ်ကို Credit ပေးထားပါတယ်။
တကယ်လို့ ဒီကဗျာကို တင်ထားတာကို မကြိုက်ရင်၊ ပြန်ဖျက်စေချင်ရင် ကွန်မန့်ပြန်ရေးပေးပါခင်ဗျာ။
ကဗျာဆရာရဲ့ အနုပညာနဲ့ ကဗျာရဲ့ ရသမြောက်အရေးအဖွဲ့ကို အားလုံးကို မျှဝေပေးချင်လို့ပါ။
ကျေးဇူးတင်ပါတယ်။

commentinfo By: ပီတာ at Jun 20, 2010
Comment #18

ကိုပီတာ ခင်ဗျား …

ကဗျာဆရာရဲ့ comment ရေးဖြစ်ခဲ့တာက အကိုမသိသွားတဲ့ အဖြစ်ပျက်တစ်ချို့ ဒီမှာဖြစ်ခဲ့လို့ပါ။ အကျဉ်း ပြောပြ ရမယ်ဆိုရင်တော့ user တစ်ယောက် (အခုတော့ banned လိုက်ပါပြီ) ကဗျာကောင်းတွေမှာ မလိုအပ်တဲ့ comment တွေပေးပြီး လိုက်ဝေဖန်ပါတယ်။ အဲဒီထဲမှာ ကိုမောနီ ကဗျာရှည်တစ်ခုလဲ ပါပါတယ်။ ထိုကဗျာရှည်ကို ရှည်လွန်းတယ် ဒီထက်အများကြီး တိုလိုရသေးတယ်လို့ ဝေဖန်သွားသောကြောင့် member တွေနဲ့ သူနဲ့စကားများခဲ့ပါတယ်။ ဒါကြောင့် ကိုမောနီက ရေးနည်းရက်ချိန်း ကဗျာတင်တဲ့အခါ အဲဒီ့ comment ကိုထားခဲ့တာပါ။ စာဖတ်သူတွေ အားလုံး ကို မရည်ရွယ်ပါ ။

commentinfo By: admin at Jun 21, 2010
Comment #19

မြန်မာကျူးပစ် ဖိုရမ်ကကျွန်တော်တင်ချင်ဝင်ချင်တဲ့နေရာပါ
ကျေးဇူးတင်ပါတယ်
ပီးရင်လင့်လေးပေးပါဦး
လာကြည့်ချင်လို.

commentinfo By: mawni at Jun 21, 2010
Comment #20

တစ်ကယ်ခံစားလို့ရပါတယ်ဗျာ…..အမေ့ကျေးဇူးတွေကိုပိုခံစားလို့ရအောင်လုပ်ပေးနိုင်တဲ့ကဗျာလေးပါပဲ…..ကျေးဇူးပါပဲ……

commentinfo By: shann koe at Jun 22, 2010
Comment #21

ဘယ်လိုပြောရမလဲတောင်မသိတော့ပါဘူး….ကဗျာတွေကိုအကယ်ဒမီပေးရင်အစ်ကိုရမှာသေချာတယ်ဗျာ

commentinfo By: anatyong at Jun 22, 2010
Comment #22

စီးထွက်စရာ မေတ္တာရည်မရှိမှတော့
စီးဝင်စရာ ဆေးရည်လည်း မလိုတော့ဘူးပေါ့။

အဲဒီစာကြောင်းလေးတွေက
တကယ်ခံစားရပါတယ်
အမှန်တကယ်ကို မာစတာပိစ် ပါပဲဗျာ

commentinfo By: မောင်နွေဦး at Jun 22, 2010
Comment #23

တကယ်မျက်ရည်စို့တယ်ဗျာ
ဘေးမှာလူတွေမရှိရင်ကျွန်တော်ငိုမိမယ်
ကျွန်တော်မှာကအမေ့ရဲ့သားဖြစ်နေခွင့်အခုထိရှိပါသေးတယ်
ဒါပေမယ့်ကဗျာဖတ်ရင်းကိုငိုချင်တယ်ဗျာ

commentinfo By: Nainggye at Jun 24, 2010
Comment #24

ကဗျာ ကတော့ တကယ် ပဲ မျက်ရည်စို့ပါတယ်
ကြိုက်ပါတယ်

တကယ် လိုကခင်မင်စွာနဲ့ဝေဖန်ရင် စိတ်ဆိုးမလားတော့မသိဘူး
အစ် ကို ကဗျာနဲ့ မတူဘူး အစ်ကို ကဗျာကို ဖြန့်ကြည့်လိုက်ပါ
စာစီစာကုံးလို စာပိုဒ်တစ်ပ်ုလိုဖြစ်နေပါတယ်

အမှားပါရင်ခွင့်လွှတ်ပါ ခင်မင်လို့ အကြံပေးတာပါ
ဖြစ်နိုင်ရင် စာပိုဒ် အဖြစ် ပြန်ပြောင်းလိုက်ပါ
ပိုပြီးတော့ ကောင်းသားမယ်လို့ထင်ပါတယ်

ဒါ ကျွန်တော် တစ်ယောက်တည်းရဲ့ အကြ့ပေးချက်ပါ စိတ်ဆိုးမယ်ဆိုရင်လည်း ကျွန်တော့်ဘက်က
ခွင့်လွှတ်ပေးဖို့တောင်းဆိုချင်ပါတယ်

ကျွန်တော်တို့ခင်ရအောင်

commentinfo By: မြူမင်းသွင် at Jul 15, 2010
Comment #25

ကျေးဇူးပါ။အပြုသဘောဆောင်တဲ့ဝေဖန်ခြင်းမျိုးကြိုဆိုပါတယ်။
ပြောစရာရှိတာကဒီကဗျာဟာရွတ်ဖို.ရေးထားတာပါ။
အမေနေ.မှာရွတ်ဖို.ရည်ရွယ်ပီးရေးခဲ့တာပါ။
ဖတ်ဖို.မဟုတ်လို. ထပ်ကျော့စကားလုံးတွေသုံးထားတာအများကြီးတွေ.မှာပါ။
အသွားအလာချောမွေ.အောင်လည်းကြိုးစားရပါတယ်။
ဒါပေမယ်.ရစ်သမ်မလွတ်အောင် အားထုတ်ထားရတာတွေပါပါတယ်
ဒါကြောင့် ပြောင်းပေးဖို.ကတော့ တောင်းပန်ပါတယ်

commentinfo By: mawni at Jul 15, 2010
Comment #26

အိမ်လွမ်းမှာ ဖတ်ရကတည်းက မျက်ရည်မဆည်နိုင်ခဲ့ရတဲ့ကဗျာလေးပါ….
ည ၂နာရီလောက်မှာ ဖတ်ရပြီး နောက်နေ့မနက်အစောကြီးမှာ မေမေ့ဆီဖုန်းဆက် ခဲ့ရတဲ့ ကဗျာဆိုရင်လည်း ပိုမယ်မထင်ပါဘူး…
ဒီမှာတော့ ထပ်ပြီး မငိုပါရစေနဲ့တော့ ကိုမိုးညိုရေ….
မမာမာအောင် တင်းထားခဲ့ရတဲ့ ကိုယ့်အသဲလည်း…
ရေနည်းရက်ချိန်းနဲ့မှ ကွဲရတော့တာပဲ…..း((
လေးစားပါတယ်ရှင်….

commentinfo By: မှုံရွှေရည် at Jul 15, 2010
Comment #27

ဒီကဗျာလေးကိုဖတ်ဖြစ်တာ ဒီတခါနဲ့ဆို သုံးခါမြောက်၊ ဘယ်တော့မှလဲ ရိုးအီသွားမှာ မဟုတ်ဘူး၊ အွန်လိုင်းပေါ်ရောက်တိုင်း ဖတ်ဖြစ်တဲ့ကဗျာလေးပါ။
ဒေါက်တာ့ရဲ့ ရင်နဲ့ရင်းပြီး ရေးထားတဲ့ကဗျာမို့လို့လား မသိဘူး ထိချက်က တကယ်ပြင်းပါတယ်။

အမြဲအားပေးနေမယ်နော်။

ညီမလေး @ ပူးမူ

commentinfo By: ညီမလေး at Jul 18, 2010
Comment #28

ဆရာသမားရေ
အရင်ကတော့ကဗျာရေးတတ်မယ်လို့မထင်မိဘူး။ ဆရာဝန်တစ်ယောက်အဖြစ်နဲ့ပဲမြင်မိတယ်။ ဒီကဗျာကို အရမ်းကြိုက်ပါတယ်။ ဆရာခွင့်ပြုမယ်ဆိုရင် မဂဇင်းတစ်ခုကို ပို့ချင်ပါတယ်။ ဆရာနဲ့ နီးနီးနေခဲ့ရတုန်းက ဒီလိုကဗျာ တွေကို ရေးတတ်မှန်းမသိခဲ့ဘူး။ ခွင့်ပြုချက်တောင်းတာပါဆရာ။ ဆရာနာမည်မပြောင်းပါဘူး။ ဆရာခွင့်ပြုမယ်ဆို ရင် ကျွန်တော့်မေးလ်ကို ဆရာ မေးလ်တစ်ချက်ပို့ပေးလိုက်ပါ။ တစ်ချိန်က တစ်ပည့်

commentinfo By: ဝေထွန်း at Oct 13, 2010
Comment #29

သဘောပါကိုဝေထွန်းရယ်

commentinfo By: ကိုမော်နှီ at Oct 16, 2010
Comment #30

ကိုမော်နီရေ … အခုမှဖတ်မိတဲ့ ကျနော့်ကိုယ်ကျနော် သတ်ပစ်ချင်မိပါတယ်ဗျာ ….
ဒီလောက်ကောင်းတဲ့ကဗျာကို အခုမှ တွေ့ရသလားလို့ပေါ့

commentinfo By: harry at May 21, 2011
Comment #31

အမေ !!!!!!!!!!!!!!!!!!!!!!! ဒီစာလူံးလေးကို ခလုတ်တိုက်တိုင်းဘ၀မှာအမိတခဲ့ရတယ်………..
အမေကဘာပဲဖြစ်ဖြစ်ဘေးမှာအသက်ရှင်နေတာတွေရရင် အားဆေးစစ်စစ်ပါ……….

commentinfo By: May Kha at Feb 18, 2012
Comment #32

ကျွန်တော်… ဘာမှမပြောနိုင် …..ဘာမှမမြင်….. Screen ရှေ့မှာတင် အသက်ပျောက်ရတဲ့ကဗျာပါလားဗျာ..
ကဗျာဆရာရဲ့ အမေအကြောင်းကို မေ့ထားပြီး ကဗျာလေးကိုပြောချင်တယ်..

ပြည့်စုံလွန်းပါ တယ်ဗျာ……………. ဆေးကျောင်းမှာတင်မဟုတ်ဘဲ ဘယ်မှာရွတ်ရွတ် မျက်ရည်ကျလောက်ပါတယ်..

Master Piece ကဗျာဆိုတဲ့ အတိုင်း ပါဘဲ….. ကျန်တာဘာမှ မပြောခဲ့တော့ဘူး………..

commentinfo By: နိုးဆက် နေ့ at Feb 10, 2013
Comment #33

:'(
:'(
:'(

commentinfo By: ei lay at Feb 10, 2013
Comment #34

လုံးဝကို masterpiece ဖြစ်လွန်းပါတယ်..အရမ်းကိုလေးစားပါတယ်..ကိုမော်နီ..ဖတ်ဖူးသမျှ ကဗျာတွေထဲမှာ မျက်ရည်ဝဲမိတာ ဒီတခါပဲရှိသေးတယ်

commentinfo By: ap at Mar 23, 2013
Comment #35

မျက်ရည်ပါကျမိပါတယ် ကိုမော်နီ
အရမ်းကို ကောင်းလွန်းလှပါတယ်
ကဗျာက ရှည်နေပေမယ့် ကျွန်တော့် စိတ်ထဲမှာတော့ တိုနေသလားလို့တောင်ခံစားမိပါတယ်
လေးစားပါတယ်ကိုမော်နီ

commentinfo By: aung chan at Mar 23, 2013
Comment #36

ဘာမှပြောစရာမရှိတာကို တကူးတကပြောလိုက်ပါရစေ…
သိပ်ကောင်းလွန်းတယ်ဆိုတာထက် ကျွန်တော်ဘာမှ မပြောနိုင်တော့ပါဘူး..
လေးစားပါတယ်…ကိုမှော်နီ…

commentinfo By: sainobermaung at Mar 24, 2013
Comment #37

အမေကိုသိပ်မချစ်တတ်သေးတဲ့သားတွေချစ်တတ်လာအောင်ဒီကဗျာလေးကမေတ္တာတွေဆောင်ကျဉ်းပေးပါလိမ့်မယ်။သားနေ၇ာကမဟုတ်ဘဲနဲ့အမေနေ၇ာကနေပြီးတောင်အလွန်ခံစား၇တဲ့ကဗျာတပုဒ်ပါ။ဆက်လက်ပြီးကဗျာကောင်းတွေမွေးပေးနိုင်ပါစေ။

commentinfo By: Aunty Lawyer at Mar 25, 2013
Comment #38

ဆရာရဲ့ ကဗျာကိုဖတ် ဖတ်ရင်း နဲ့ မျက်ရေတွေ အတားအဆီးမဲ့ ယိုစီးရတယ် ကျေဇူးတင်ပါတယ် အမေရဲ့ တန်ဖိုး နဲ့
ကျွန်တော်တို့ ဘာဆက်လုပ်ရမယ် လမ်းပြပေးတဲ့အတွက်ပါ ကျေးဇူး

commentinfo By: myintzaw at Mar 25, 2013
Comment #39

ဒီကဗျာကိုဖတ်ပြီး ဆွံ့အနေမိတယ်။ ဒီလောက်ကောင်းတဲ့ကဗျာတစ်ခါမှမဖတ်ဖူးသလို့ပဲ

commentinfo By: မင်းထိုက် at Apr 4, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment