နာကျည်းချက် သီအိုရီ
သူ မူးရူးပြီး ဆဲဆိုနေတုန်းမှာ
ငါ စာကျက်ဖို့ မျက်ရည်ကိုစောင့်ခေါ်ခဲ့တယ်။
ဖရိုဖရဲ ပရိဘောဂ အနည်းငယ်ကြားမှာ
အပယ်ခံတစ်ယောက်လို အလဲလဲ အပြိုပြိုနဲ့
ဖွားဖက်တော်ကိုဖက် ၊ မှောက်အိပ်နေတဲ့
ငါ့ဘ၀ရဲ့ အိမ်ဦးနတ်။
အော်ကြီးဟစ်ကျယ် ရိုင်းစိုင်းတဲ့ အသံတွေ
နာကျည်းချက်တွေနဲ့ သူ့ပါးစပ်က
ခုတော့ မစာနာတတ်တဲ့ အတ္တတွေ
နံစော်နေတဲ့ အံဖတ်တွေရောပဲ။
ဖုံအလိမ်းလိမ်းပေါ် ကျောခင်း
ပျင်းရိတာတွေ ဖယ်ထုတ်
(၁၀) ထစ်မြောက် လှေကားထစ်ကို
တက်ကျော်မလို့ လုပ်တုန်း
သေဆုံးသွားတဲ့ အိမ်ရှင်မက
ငါ့ကိုပြောတယ် ( တိုးတိုးလေးပါ ) ။
´ ငါ့သား …… ကြိုးစား ..` တဲ့။
သူ့အပေါ် နာကျည်းစိတ်တွေကို
အောင်မြင်မှုတွေနဲ့ဖာထေးနေတုန်း
သူလည်း အိမ်ရှင်မနောက်လိုက်သွားတယ်။
ဒီလိုနဲ့ငါလည်း
အမှားတွေကို လမ်းခင်း
အမှန်တွေဆီကို ရှေးရှုရင်း ။
ကြင်နာတတ်တဲ့ အိမ်သူသက်ထားကို လက်တွဲ
သားတော်မောင်တစ်ယောက်ကို ကျောပိုးရင်း ။
ဟား……….ငါ့ အဆုံးသတ်က
ဒါတွေပါပဲလား……..။
ကောင်းကင်မှာ ကြယ်ကြွေသလို
လက်တွဲဖော်က လျှင်လျှင်မြန်မြန် ထွက်ခွာသွားတော့
ငါ့မှာ ငိုစရာ မျက်ရည်တောင် မရှိတော့ဘူး။
ငါ လှော်နေပေမဲ့ ပဲ့ကိုင်သူမရှိ။
ငါ စားပွဲပြင်ထားပေမဲ့
သားအဖနှစ်ယောက်ရဲ့ နေ့လည်စာ ဘယ်မလဲမသိ။
တစ်ခုခု ၀ယ်စားစရာ ပိုက်ဆံမရှိတော့အောင်
ဒေ၀ါလီ ခံလိုက်ရတဲ့ ငါ့အိပ်ကပ်ကြောင့်
စိတ်ညစ်တာတွေကို သိမ်းထုတ်
ထုချေပြီး လမ်းခင်းရင်
ငါ့နိုင်ငံ အာဆီယံ အဆင့်အတန်း ၀င်နေလောက်ပြီ။
အဲဒီညက …….
ဘီအီးကို ရေမရောခဲ့ဘူး။
သားရဲ့ကြောက်ရွံ့အံ့သြမှုတွေကို
ငါလုံးဝေ-ာက်ဂရုမစိုက်ခဲ့ဘူး။
ထိန်းချုပ်မရတော့တဲ့ အယုတ္တ ၊ အနတ္တတွေနဲ့ အတူ
နာကျည်းနေတဲ့ ငါ့မျက်စိရှေ့မှာ
ပန်းကန်နှစ်ချပ်နဲ့ ကုလားထိုင်တွေ လေထဲလွင့်ပျံပြီး
ငါလဲ…မှောက်လဲ…ကျ…သွား..ခဲ့.တယ်။
အဲဒီမနက်မှာ …….
အရက်နာကျနေတဲ့ ငါ့ခေါင်းထဲကို
ပထမဆုံး အတွေးတစ်ခုဝင်လာတယ်။
ငါဟာ အမိမဲ့သားတစ်ယောက်ရဲ့ ဖခင်
အိမ်ရှင်မ မရှိတော့တဲ့ မုဆိုးဖို ( ဒါမှမဟုတ်ရင် )
အတ္တ နဲ့ အရက် ၀ါးမြိုခြင်းကို ခံလိုက်ရတဲ့
လူတစ်ယောက်ရဲ့ သား ။