ပေါင်းကူးသော လက်များ
အိုဟောင်းသွားတဲ့ လမ်းအိုကြီးလည်း
အသစ်တခုလို တည်ဆောက်နေဆဲ
ညစ်ပေနေတဲ့ အိုးခွက်တွေလည်း
အသစ်တခုလို တိုက်ဆေးနေဆဲ
မညီညာတဲ့ စိတ်ဓာတ်တွေလည်း
အသစ်တခုလို စည်းကမ်းတွေ ဖော်ဆောင်နေဆဲ
မနေ့က အတွေးခေါ်တွေလည်း
ဒီနေ့အတွက် လုပ်ငန်းတခုလို
ဟန်ဆောင်ကာ လမ်းဟောင်းကြီးကို
စွဲဆောင် ခေါ်ယူ ဆန္ဒပြုတုန်း
အားနာမှုတွေနဲ့ သက်ဆိုင်ရာကို
အမှတ်တွေပေးရင်း ခင်းထားတဲ့အခင်းအောက်က
ကြမ်းပိုးက လိပ်ကြီးတကောင်လို
ကုန်းထလာတုန်း ဆစ်ဆစ်ကိုက်နေတဲ့
အသားစိုင် တနေရာကို ဖိနှိပ်မိတော့
လမ်းဟောင်းကြီးထဲ ပြန်ရောက်ဖို့
သွေးစက်တွေ ဖြန်းဖြန်း ထွက်ကျလို့
သမိုင်းတွေလည်း အဖြူသက်သက်နဲ့
အမည်းရောင်စက်တွေ ရောနှောခဲ့ပြီးတာ
နှစ်တွေတောင် အိပ်စက်ရတာ ပျင်းလွန်းလို့
ကာလနဂါးတောင် နိုးကြားခဲ့ပြီ…
တော်တော့.. အတိက်တွေ အရိပ်တစ္ဆေလို
မခြောက်လန့်နဲ့ သမာဓိခုံဆိုတာ
အများအတွက်ပါ ကိုယ်အတ္တအတွက်မဟုတ်ခဲ့ဘူး
အချိန်ကိုက်ဗုံးတစ်လုံးလို ပေါက်ကွဲဖို့မဟုတ်ဘူး
ခေတ်ကြီးပြန်ငဲ့ပြီး လာလမ်းကို ပြန်ကြည့်ပါ
ခြေတစ်လှမ်းအတွက်နဲ့ ကိုယ်အရိပ်ကို မနင်းမိစေနဲ့
တွေးဝေမနေနဲ့ အထက်နဲ့အောက် ညီမျှတဲ့အသိနဲ့
အများအတွက် ငဲ့လို့ မတူညီတာတွေ တူညီအောင်
လက်တွဲရင်း အေးအတူ ပူအမျှ ပေါင်းကူးသော အပြုံးတွေနဲ့
အများလျှောက်လှမ်းသော လမ်းမှာ လက်တွဲလျှောက်ကြစို့….။
တက္ကသိုလ်မြတ်မင်း
Comment #1
ခေတ်ကြီးပြန်ငဲ့ပြီး လာလမ်းကို ပြန်ကြည့်ပါ
ခြေတစ်လှမ်းအတွက်နဲ့ ကိုယ်အရိပ်ကို မနင်းမိစေနဲ့
တွေးဝေမနေနဲ့ အထက်နဲ့အောက် ညီမျှတဲ့အသိနဲ့
အများအတွက် ငဲ့လို့ မတူညီတာတွေ တူညီအောင်
လက်တွဲရင်း အေးအတူ ပူအမျှ ပေါင်းကူးသော အပြုံးတွေနဲ့
အများလျှောက်လှမ်းသော လမ်းမှာ လက်တွဲလျှောက်ကြစို့…