အဲဒီအချိန်ကစပြီး သူ့ကိုမတွေ့ရတော့တာ အခုချိန်ထိပဲ
သူ့နာမည်ကို ဘယ်သူမှ အလွတ်မရသေးခင်ကတည်းက ခြံတံခါးကို သော့ခတ်ပစ်ထားခဲ့တာပဲ
ဘယ်ကလာမှန်းလည်း မသိ၊ ဘယ်ကိုသွားမှန်းလည်း မသိတဲ့လူတစ်ယောက်ဆိုတော့
လူတွေကလည်း သူတို့အလုပ် သူတို့လုပ်ရင်း သူ့အကြောင်း စကားဟဟပြောဖို့မေ့သွားတယ်
လူပုံစံကြည့်ရတာကတော့ ရည်ရည်မွန်မွန် ယဉ်ယဉ်ကျေးကျေးပါ/အဲ . . . ဆံပင်ကတော့ ဘုတ်သိုက်ပဲ
ဘယ်သူ့ကိုမှအရောတ၀င်မနေပေမယ့် သူမျက်နှာကိုကြည့်တာနဲ့ ဖော်ရွေတယ်ဆိုတာသိသာတယ်
နေ့ရှိသရွေ့ သူခြံထဲမှာပဲ သူ့ပန်းပင်တွေနဲ့သူ တကုပ်ကုပ် အလုပ်ရှုပ်နေတာပဲ
ပန်းပွင့်ကလေးတွေကို ရီရီဝေေ၀ငေးကြည့်ရင်း သူစကားပြောနေတာကိုမြင်ဖူးတဲ့လူတွေကတော့
သူ့ကို စိတ်မနှံ့တဲ့လူတစ်ယောက်လို့ ထင်မြင်ယူဆခဲ့ကြတယ်
ဒီအရပ်မှာ ငှက်တွေအပျော်ဆုံးနေရာကို ပြပါဆိုရင်လည်း သူ့အိမ်ကိုပြရမှာပဲ
တခါတလေများ ငှက်တွေကိုအစာကျွေးနေတဲ့သူကိုကြည့်ရတာ ငှက်တွေနဲ့အတူပျံတက်သွားတော့မလို ထင်ရတယ်
သူပျော်တယ်၊မပျော်ဘူးဆိုတာကတော့ ကာယကံရှင်မဟုတ်တော့ မသိဘူးလေ
တစ်ရက်တော့ သူ ထွက်သွားခဲ့တယ်၊မှတ်မှတ်ရရပြောရရင် နေဟာနေနဲ့မတူအောင် ပူပြင်းလွန်းတဲ့တစ်ရက်မှာပေါ့
သူ အပြင်ထွက်တာ တစ်ခါမှ မမြင်ဖူးတဲ့လူတွေဆိုတော့ သူ့လှုပ်ရှားမှုတိုင်းကို အနှေးပြကွက်တွေလို အသေးစိပ်ကြည့်မိကြတယ်
သူ့ မျက်နှာပေါ်ကကြေကွဲမှုကို မြင်လိုက်ရတော့ သွေးပျက်မတတ် တုန်လှုပ်ခြောက်ခြားသွားကြတယ်
ပါးစပ်ကလည်း စကားတစ်ခွန်းတည်းကို ထပ်တလဲလဲပြောပြီး ဘယ်သူ့ကိုမှမကြည့်ဘဲ ဒီလမ်းအတိုင်း ခေါင်းငိုက်စိုက်ချ ထွက်သွားတော့တာပါပဲ
`ခါချဉ်ကောင်ပါမှန်းသိရင် အဲဒီအင်ကြင်းပန်း မင်းကို ငါ ဘယ်ပေးလိမ့်မလဲသုဘဒ္ဒါ´
`ခါချဉ်ကောင်ပါမှန်းသိရင် အဲဒီအင်ကြင်းပန်း မင်းကို ငါ ဘယ်ပေးလိမ့်မလဲသုဘဒ္ဒါ´
`ခါချဉ်ကောင်ပါမှန်းသိရင် အဲဒီအင်ကြင်းပန်း မင်းကို ငါ ဘယ်ပေးလိမ့်မလဲသုဘဒ္ဒါ´
ကိုသျှား
Comment #1
phat shu arr pay twar par d