မာရီယာ
မင်းရောက်နေတဲ့နေရာကနေ လှမ်းကြည့်လိုက်လို့
ပြိုတော့မလိုမိုးသားတိမ်လိပ်တွေ မှိုင်းညို့နေတာမြင်ရရင်
အဲဒါ ငါနေထိုင်ရာအရပ်ပါပဲမာရီယာ
ငါ့ဒိုင်ယာရီစာမျက်နှာပေါ်က ဆွတ်ဆွတ်ဖြူစံပယ်ပွင့်ကလေးတွေဟာ
ချိုမြထက်ရှတဲ့မင်းရဲ့ကိုယ်သင်းနံ့လေလား
ညပျက်ဂီတတွေထဲ ငါ့နှလုံးခုန်သံဟာ မင်းနာမည်ကိုသာ
ရင်ကွဲမတတ် သီဆိုတယ်
`မာရီယာ . . .´
တစ်ခါတစ်ရံပေါင်းများစွာမှာ မင်းဟာ ငါ့ဒဏ်ရာအနာတရတွေကို
သားသည်မိခင်တစ်ယောက်လို အငိုတိတ်စေခဲ့ဖူးတယ်
အဲဒါကြောင့် ငါက ဘယ်လိုမှအငွေ့မပျံနိုင်တာပေါ့
စကားလေးတစ်ခွန်း ခြစ်လိုက်ရုံနဲ့ ညှိမိတဲ့ရင်ခတ်သံဟာ
`မီး´လားကွယ့်
ဒီမှာလေ . . .
ရင်တစ်ကမ်းစာဆွံ့အမှုမှာ မီးကုန်ယမ်းကုန်အသံတိတ်ခဲ့ရခြင်းတွေ
မီးပုံယမ်းကျရင်ဆို့နေရဲ့
စောင့်မျှော်ရင်းနောက်ကျနေတဲ့လူသူဆိတ်သုဉ်းရာသံယောဇဉ်ကြိုးဟာ
ဝရုန်းသုန်းကား တုန်ခါ
မင်းစိတ်မှာ စွန်းပေနေတဲ့ငါ့ကိုယ်လည်း
အငွေ့တထောင်းထောင်း အက်ကြောင်းထခဲ့ပြီမာရီယာ
ကြယ်ခြေကျင်းသံ တချွမ်ချွမ်နဲ့
ကျောခင်းပေးထားတဲ့ငါ့ဘ၀ပေါ်မှာ နင်းလျှောက်ပါ
ပတ္တမြားရောင်လဲ့လဲ့နှင်းဆီငုံနှုတ်ခမ်းတစ်စုံထံ ခစားရင်း
မင်းအတွက် ငါ အစကတည်းက လက်နက်ချပြီးသားပါ
အမှန်တရားပေါ်မှာ ခြေစုံရပ်ပြီး
မင်းကို ငါ မားမားမတ်မတ် ချစ်တယ်
ငါ့ရင်မှာ မင်းဆံနွယ်တွေ ကြိုးတပ်
ငါ့ဘ၀ကို မင်းလက်နဲ့ တီးခတ်ချင်တယ်
အချစ်ဆိုတာ ငါ့ရင်နဲ့လွယ်မွေးခဲ့ရတဲ့ဒုက္ခတရားလားမာရီယာ
ငါ့နေ့တွေ ဘယ်လိုမှ ငြှိမ်းသတ်လို့ မရတော့ဘူး
ငါ့ညတွေ ဘယ်လိုမှ ဆောက်တည်ရာ မရတော့ဘူး
ငါ့ခေါင်းထဲမှာ မီးတွေတောက်နေတယ်
ငါ့ရင်ထဲမှာ မီးတွေလောင်နေတယ်
ငါ့အနုပညာကို မှော်သွင်းပေးခဲ့တဲ့ကဝေ
ငါ့အမှောင်ကို သွေးတိတ်စေခဲ့တဲ့ဘုရားပေးတဲ့မိခင်
ငါ့သစ်သီးတွေကို ချိုမြိန်စေခဲ့တဲ့နတ်ဘုရားမ
မာရီယာ . . .
မင်းဟာ ငါ့အတွက်
ငါ့နောက်ဆုံးထွက်သက်ထိ ရွတ်ဆိုနေဦးမယ့် အန္တရာယ်ကင်းကဗျာ
ပြီးတော့ . . . ဘယ်အချိန်ရှိပြီမှန်းမသိတဲ့ နာရီလေးတစ်လုံးလေ
မင်းကို ပျော်တော်ဆက်မယ့် သီချင်းတစ်ပုဒ် ဖြစ်ချင်တယ်
မင်းကို ရယ်မောပေါ့ပါးစေမယ့် ဟာသတစ်ပုဒ် ဖြစ်ချင်တယ်
မင်းကို ကာကွယ်စောင့်ရှောက်မယ့် ဓားလေးတစ်လက် ဖြစ်ချင်တယ်
မင်းကို သူကောင်းပြုမယ့် ကောက်ပဲသီးနှံတွေ ဖြစ်ချင်တယ်
မင်းကို အလုပ်အကျွေးပြုမယ့် ကျွန်ယုံတစ်ယောက် ဖြစ်ချင်တယ်
မင်းအတွက် ဆေးဖက်ဝင်မယ့်အမြိုက်တရားဟာလည်း
ငါပဲ ဖြစ်ပါရစေမာရီယာ
`ငါ့ကို အလေးအနက်မထားပါနဲ့
ငါ့ကို ဘယ်သူမှ မတွယ်တာစေချင်ဘူး´
မင်းပြောသလို ပေါ့ပါးပစ်လိုက်ဖို့ ငါ့အတွက် အရမ်းလေးပင်လွန်းတယ်
အရိုးသားဆုံး ကြေကွဲလိုက်တော့မယ်
ငါ့အဖြစ်ကို ငါ မကယ်နိုင်တော့ဘူးမာရီယာ
ကိုသျှား
Comment #2
wow,,,,,,,
this is the best of all that i’ve read ur poems.
really fond of this excellent poem.
Comment #3
ဟဟ
မာရီယာ က လာတူနေပါပကော
တူတော့လည်း မာရီယာ နှစ်ယောက်ပေါ့
ကိုသျှားရဲ့မာရီယာက ဘယ်သူတုန်း
Comment #5
ကိုသျှားရဲ့ မာရီယာက အင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
မ……………………..ာရီယာပဲပေါ့ကိုမြတ်သူရယ်
ချစ်ခင်လျှက်……..
ကိုသျှား
Comment #6
ကိုသျှား….ကြိုက်သွားပြီဗျာ..။
ကောင်းလိုက်တဲ့အရေးအသား..
အားပေးနေပါတယ်……အကို
Comment #7
မာရီယာ…..မာရီယာ…
အဲ့ဒီ့ ကောင်မလေး ကို …..မာရီယာ လို့ ခေါ်တာလား…
ကိုသျှားရေ…..nice one ပါ ဘဲဗျာ…
Comment #8
ကောင်းတယ်ဗျာ
Comment #10
ကိုသျှားရဲ့အနုပညာမှော်ကတော့ကြောက်ခမန်းလိလိပဲ………….
Comment #11
အနုပညာကို မှော်သွင်းပေးနေတဲ့ကဝေကိုက
ကြောက်ခမန်းလိလိ ပြုစားနိုင်လို့ဖြစ်မှာပါ
ကျွန်တော့်ကဗျာတွေကို ရေးဖို့ ကျွန်တော်က
လက်ကလေးပဲစိုက်ထုတ်ရတာပါ
တကယ်တမ်းရေးသွားတာက ကျွန်တော့်ရဲ့မာရီယာပါဗျာ
ချစ်ခင်လျှက် . . .
ကိုသျှား
Comment #13
read again & again.
Comment #14
ထပ်ခါထပ်ခါ ဖတ်မိပါရဲ့ . . မာရီယာ 🙂
Comment #15
hote pa,,hote pa,,
kha na kha na phat,,kha na kha na yin khone,, a hi 🙂
a yan sate ku yin loh kaung de,,a hote.. 😛
Comment #16
nout 1 khar phat mi twar pyan p,
😛
Comment #1
အရမ်းလေးနက်တဲ့ကဗျာလေးပဲ………….