ရမက်ရဲ့ နိဂုံး
အရှေ့ကို လျှောက်ပါလို့
အနောက်ကိုတဲ့ မျှော်လိုက်တိုင်း
အပူတွေ အုံကြွ ဒေါသသူပုန်ထရတဲ့
ကာလဝိတက် အတွေးခက်တွေက
အကြွေးသက်သက် သုံးပြုန်းခဲ့
မျက်မှောက် ငါ့ အတွက်တော့
အကြွေးဆပ် ကျွန်သက်သက်ပဲပေါ့..။
ကာလာစုံစုံ မီးရောင်စုံပြိုးပြက်တဲ့
စင်မြင့်ထက်တော့ ရောက်ခဲ့ပါရဲ့
အတိတ်ဇာတ်က ဆိုးချက်ကလွန်ကဲ…
ရမက်ထဲက လူးထားတဲ့ မျှား
သွားလေရာမှာ အဆိပ်တက်လို့
အရောင်တွေဆိုး အရှက်ကြိုးပျက်တဲ့
သူတို့အတွက် ကျွန်သက်သက်ပဲပေါ့…။
မတူညီတဲ့ ဇာတ်ကောင်တွေထဲ
ပြယုဂ်တစ်ခုလို ဖော်ရှိုးဖြစ်ခဲ့
ရမက်နဲ့ သက်တမ်း ကုန်ဆုံးမဲ့
နေ့ရက်တွေဆီ ရွေ့လျားလာတော့
ဆိုးခဲ့တဲ့ သူတို့အတွက် ပေးဆပ်ခြင်းပဲပေါ့..။
စီးချင်တဲ့ ကားလည်း စီးခဲ့ဖူးမယ်
ယူချင်တဲ့ အရာတွေလည်း ရယူဖူးမယ်
ပိုင်ဆိုင်ချင်တဲ့ အရာတွေလည်း ရယူ ပိုင်ဆိုင်ဖူးမယ်
မှေးစက်ချင်တဲ့ အိပ်ယာထက်မှာတော့
တွေးစိတ်တွေ ဂယောက်ဂယက်နဲ့
မနက်ဖြန် နေရောင်ခြည်ကို
မျက်လုံးဖွင့်ကြည့်တိုင်း မြင်ခွင့်ရပါမလားလို့
တွေးစိတ်တွေမှာ ကြောက်စိတ်တွေ ဖိစီး
ရာထူးရဲ့ နောက်ကွယ်မှာ တံတိုင်တွေ ကာရံလို့
သွားရမည့် မအေးချမ်းသေးပါလား..။
မအေးချမ်းသေးတဲ့ သူတို့ အသိုင်းအဝိုင်းက
ငြိမ်းချမ်းရေး တေးဆိုခဲ့ရင်တော့
ဆူးထဲက နှင်းဆီလို အလှကြည့်သက်သက်နဲ့
ကိုင်သူ မသေသက်ရင်တော့ ဆူးယှတတ်တာ မလွဲ…။
ရက်စွဲဟောင်းထဲက ခုနှစ်တွေထဲ
သမိုင်းအတွက် ရေးဆွဲခဲ့တာ
သွေးစက်တွေ ပေကျန် ထင်ရစ်လို့
ခုတ်ချင်တိုင်း ခုတ်ခဲ့ဖူးတယ်
ပစ်ချင်တိုင်းလည်း ပစ်ခဲ့ဖူးမယ်
နှိပ်စက်ချင်တိုင်း နှိပ်စက်ဖူးမယ်
အကြိမ်ကြိမ် ဒေါထွက်လို့ သတ်ဖြတ်ဖူးမယ်
သို့သော် မလူးမလား လောကထောင်ချောက်ထဲ
လဲပြိုကျရောက်တဲ့အခါ မှီခိုစရာ ဘုံပျောက်လို့
ယဇ်တွေ အကြိမ်ကြိမ် ထမြှောက်လို့
ကိုယ်တိုင်လည်း အသိတွေမဲ့
နောက်လိုက်လည်း အသိတွေမဲ့လို့
ဇာတ်လမ်းဆုံး သမိုင်းဆုံးပေါ့..။
တက္ကသိုလ်မြတ်မင်း