သေချင်ယောင်ဆောင်မဲ့နေ့
လေပြင်းရဲ့ခြေရင်းမှာ ၀ပ်ဆင်းကာမြေခရှာတဲ့
ရွက်ဟောင်းတွေကတော့ နှစ်သစ်ကိုအလေးပြုနေပြီ
ရွက်ဟောင်းတွေကတော့ နှစ်သစ်ကိုအလေးပြုနေပြီ
တသွင်သွင်စီးတဲ့ ရေအလျဉ်မှာတော့
သဲပွင့်လေးတွေ ဖက်မတွယ်နိုင်တော့ဘူး။
နှစ်သစ်တစ်ခုရဲ့ ဘ၀အစမှာအလွမ်းတွေဆေးကျောဖို့
ငါ ခပ်လိုက်တဲ့ ဥပေက္ခာငွေ့ရည်တွေက
လေအဝေ့တစ်ချက်မှာတင်ပျောက်ကွယ်သွားတော့
ဟိုး…အဝေးကိုမျှော်ကြည့်ခဲ့မိတယ်။
မှုန်ဝါးနေတဲ့အမြင်နဲ့ ယောင်ဝါးဝါးကြည့်မိတော့
ရောင်နီကအဝေးကနေ လက်ပြနေပြီ။
ညှို့ရောင်လောက်နဲ့ အမှောင်တောတိုးဖို့
ကံကြမ္မာဆိုတဲ့ မီးအိမ် ငါ့မှာပါမလာဘူး။
နောက်တစ်လှမ်းအသာ ပြန်လှည့်မယ်ကျန်တော့
ရှုံးနိမ့်ခြင်း ပြယုဂ်ကကြိုနှင့်နေပြီ။
ဆေးစက်ကျရာ အရုပ်ထင်မယ်ဆိုလည်း
ငါ ပန်းချီဆရာတစ်ယောက်မဟုတ်ဘူး။
ကျရာနေရာ သရုပ်ဝင်ဆောင်ရအောင်
ငါ ဇာတ်လိုက်တစ်ယောက်မဟုတ်ဘူး။
ဘ၀က ခဏခဏနွမ်းရောင်သမ်းနေတော့
သံသရာလောကကို ဖယ်ကျဉ်ကာ
မျက်ကွယ်ပြုလိုက်မယ်…..
နွမ်းချင်လည်းနွမ်းပါစေ…..
ငါဒီနေ့ကစလို့ ဒီလောကကြီးထဲမှာ
သေချင်ယောင်ဆောင်နေလိုက်တော့မယ်။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
dar le hote dar pe,