ငါတို့လူငယ်ဘ၀ (ခရမ်းပြာထက်လူ)
ငါ့မျက်နှာဟာ
မြင်းတစ်ကောင်နဲ့တူတယ်။
ငါ့မျက်နှာဟာ
လူရွှင်တော်တစ်ယောက်နဲ့တူတယ်။
စာအုပ်တွေလွတ်ကျအောင်
ဆောင့်ဆွဲလိုက်
လူပုံအလယ်
ပခုံးနဲ့ဝင်တိုက်လိုက်
အဲဒီမှာ
စနေသားဟာ
စပြီးအသက်ဝင်လာ
ရန်စရင်းကြီးပြင်း
ငါတို့ရန်မီးများ လင်းခဲ့ကြ
အမှန်ပဲ
ငါဟာ
မြို့တစ်မြို့ထက်ပိုကျယ်ပြီး
မင်းတို့မျက်လုံးများအတွက်
ကျဉ်းခဲ့တယ်။
ငါဟာ
မြင်နေရတဲ့ စိတ္တပန်းချီကား
ငါဟာ
မမြင်ရတဲ့နတ်သားပဲ
ပြဇာတ်မင်းသားရယ်သံနဲ့
ငါ့ကိုဆွဲထုတ်
မင်းနံမည်ဘယ်သူ
ထင်းခြောက်ကထတောက်မယ့်မီးနဲ့
ငါ့ဧရိယာကိုသင်္ဂြိုဟ်
မင်းနံမည်ဘယ်သူ
ထားပါ
ငါထားခဲ့
ထစ်ကနဲရှိ ထိုးထွက်ချင်တဲ့
ငါ့အကိုင်းအခက်အလက်အောက်
ငါအရိပ်ငါဖြန့်လို့
ငါထားခဲ့
လမ်းကဖွထုတ်လိုက်တဲ့ဖုန်မှုန့်လို
ခါးသီးမှုစာခုန်ပျောက်သွား၊
ပြန်လာမယ်
တစ်နေ့မှာ
ငါဟာ
မြင်းခွာသံတွေ သွန်ချလို့
သွန်ချသမျှ သယံဇာတတွေဖြစ်လို့
ငါဟာ
ဟာသတစ်ခုကို လေချွန်လို့
လေချွန်သမျှ လေပြည်လေညင်းတွေဖြစ်လို့
ပြန်လာခဲ့မယ်
တစ်နေ့မှာ
ငါ့ကြောင့်
ဒီမြို့
ငလျင်အကြီးအကျယ် လှုပ်ဦးမယ်
ခရမ်းပြာထက်လူ
Comment #2
ကိုယ်မြင်လိုက်ရတာ ကဗျာဆရာရဲ့  ကိုယ်ပိုင်မြို့ ပြ

Comment #1
တော်လိုက်တာဗျာ
မဖြိုးကျေးဇူး