ကာရန်ခန်းသော ကဗျာမြစ် – ဒီရေလှိုင်း
သူကလောင်လက်က
အဆက်မပြတ်
စက်သေနတ်ပစ်သလို
ကာရန်တွေ မရပ်မနား အစဉ်
ကဗျာသခင်တစ်ယောက် တဲ့
အော်—- ခုတော့
မစ်ဖိုင်းရား*
ပစ်တိုင်းမသွား
သစ်ကိုင်းနားတဲ့ ငှက်ကလေးတွေက
လှောင်လှယ်ပြနေ
ကာရန်တွေ မပီသ
ကဗျာဥာဏ်တွေ မကြည်မြ
ကျည်အနေတဲ့ သေနတ်တစ်လက်
မီးကျိုးမောင်းပျက်ဖြစ်နေ ။
ပြိုင်မြင်းတို့ခွာသံလို
ကာရန်တွေ တဖြောင်းဖြောင်း
ကဗျာဥာဏ်တွေ တဂျောင်းဂျောင်း
ထောင်းထောင်းကိုထ
မာနနဲ့ ကဗျာသမား
ခုတော့ ဘာဥာဏ်များမှ မထွက်
ခြေပျက်နေတဲ့ ကာရန်
ရွှေလက်မမှန် အရင်ဟန်များမရှိခဲ့
ချိနဲ့နဲ့ ပြိုင်မြင်းတစ်ကောင်လို
ညဉ်းချင်းတောင် မဆိုနိုင်ပေါ့ ။
စစ် …… အချစ်
စနစ် …….. ခေတ်
အလှ …….. ဓမ္မ
ဓန ——– ဘဝ
ရသတွေ အရှိန်ပြင်းပြင်း
စီးရစ်နေတဲ့ ကဗျာမြစ်
ခုတော့ ဘာတွေဖြစ်
စာအသစ်တွေ မထွက်နိုင်
လက်မှိုင်ချကာ ပမ်း
အချက်မပိုင်ကာ မှန်း
တစ်ပတ်နွမ်းစကားလုံးတွေနဲ့
ကဗျာဥာဏ်တွေ မလန်း
စာဟန်တွေ မဆန်း
ကာရန်ခန်းတဲ့မြစ်
ကျွန်ုပ်ဖြစ်နေပေါ့ ။
ဒီရေလှိုင်း
Comment #1
ဒီကဗျာကို ကြိုက်တယ် …..
ကျွန်တော်လက်လည်း
ကာရံတွေ ခမ်းခြောက်နေပြီ
သွေးအေးအေးနဲ့ နာတဲ့
အလွမ်းတွေကြောင့်လား
ဖြေးဖြေးခြင်း သေမဲ့
ပတ်ဝန်းကျင်ကြောင့်လား
အဖြေရှာမရပေမဲ့
သေရာကထဖို့
အားမှ မရှိတော့ပဲဗျာ
ဒီကဗျာထဲမှာပဲ
ဝိဥာဉ်ကို မြုပ်လိုက်တယ်
ထုတ်ကြည့်သူ မြင်ဖို့ပေါ့။။ ။။