အောင်မြင်ခြင်းရဲ့ လျှိုဝှက်ချက်
အောင်မြင်ခြင်းရဲ့ လျှိုဝှက်ချက်
မျှော်လင့်ချက်မဲ့တဲ့ အတွေးတစ်ခွက်
မော်ဒန် သကြားနှစ်ဇွန်းခတ်လို့
ဇိမ်ရှိရှိ သောက်သုံးချင်ပေမဲ့
ရည်ရွယ်ရာမဲ့တဲ့ ဘဝခြေလှမ်းတွေအောက်က
သဲသောင်ပြင်ထက် လောင်ချမိသလို
အဓိပ္ပာယ်မဲ့လို့ ပန်းတိုင်ပျက်သုဉ်းနေဆဲ…။
ဒါဟာ…
ဘဝအတွက် လျှောက်လှမ်းသော
ခြေလှမ်းအစ အသက်မဝင်လှတဲ့ အပြုံးနဲ့
ဟန်လုပ်သရုပ်ဖော်တဲ့ တဒင်္ဂတွေမို့
ပြီတော့လည်း ပြီသွားတာပဲ
ဘယ်သွားဘယ်လာ ခြေလှမ်းသာ ထင်ကျန်ခဲ့
အရာမရောက်တဲ့ ငါ့အတွက်တော့
လေလွင့်ငှက်တကောင်လို ပန်းတိုင်ပျောက်ဆုံးနေဆဲ…။
အော်.. ခုတော့…
ဂျစ်ပစီတယောက်လို တေလေတယောက်လို
ဟို ကုတ်ခြစ် ဒီ ကုတ်ခြစ်နဲ့
ကဗျာ နံရံတွေလည်း ညစ်ပတ်လို့
နံရံပေါ်က ကဗျာတွေကို ငါ့ ကို ဟားတိုက်ကြတော့
ကဗျာ အဖတ်ခံလိုက်တဲ့ ငါ… အခုတော့လည်း
ရည်ရွယ်ရာ ပန်းတိုင် ပျောက်ဆုံးနေဆဲ..။
နေပါဦး… နေပါဦး..
ငါ့ အိပ်မက်တွေကို ခြေကျင်းခတ်ခံလိုက်တဲ့
ငါ့ အတွေးအိမ်က ငါ့ စိတ်မိုက်တွေကို ပယ်ရှားလို့
ငါ ရည်ရွယ်ရာ လမ်းမပေါ်တက်ခဲ့
ဘဝတစ်ခုရဲ့ အစိတ်အပိုင်းတစ်ခုဆီကိုသာ
ငါ ရောက်ရှိသွားတယ် နှစ်သက်စရာကောင်းတဲ့
ငါ့ ပန်းတိုင် ငါ ကိုယ်တိုင် ရှာမတွေ့သေးဘူး..။
ဒါပေမဲ့…
ဘဝကပေးခဲ့တဲ့ မျိုသိပ်မှုတွေ ကျင့်သားရခဲ့တာ
နှစ်တွေတောင် ကုန်ဆုံးလို့ ကြာညောင်းခဲ့ပြီ..
ကြိုးကိုင်ကြိမ်မှ လိမ္မာတက်တဲ့ ငါ့ အတွက်တော့
လမ်းစဉ်ဟောင်းအတိုင်း စာအုပ်ကို ကျောပိုးရင်း
ခေါင်းငိုက်စိုက်လို့ စာကြည့်နေတုန်း ပန်းတိုင်ပျောက်နေတုန်းပေါ့..။
မညီမျှတဲ့ လူတွေရဲ့ အတွေးခေါ်ကြား
ငါ…ရှေ့က ကမ္ဘာ့မြေပုံကြီးကို ပုံတူဆွဲဖို့
ငါ အကြိမ်ကြိမ် ကြိုးစားခဲ့လဲ ကျင့်သားရယုံလွဲလို့
ငါနဲ့ ကမ္ဘာကြီး နီးစပ်လာမှာ မဟုတ်ဘူး
ဆူးနစ်နေတဲ့ ဒဏ်ရာတွေနဲ့ မိတ်ဖွဲ့နေရတဲ့
ငါ့ ဝန်းကျင် ငါ့ အသိုင်းဝိုင်းမှာ
လူသားအချင်းချင်း စာနာတက်အောင်
ငါ့ ပန်းတိုင် မဟုတ်သော်လည်း
ငါ စာများများ ဖတ်နေအုန်းမယ် ပန်းတိုင်ကို သွားနေအုန်းမယ်..။
အသက်ရူမချောင်တဲ့ ငါတို့ကမ္ဘာမြေမှာ
ငါးတကောင်ရဖို့အတွက် ဘယ်တော့မှ
ငါးစား တီမတူးပါနဲ့
လူဆိုတာ ကိုယ့်သွေး ကိုယ့်သား
ကိုယ့် ပန်းတိုင်နဲ့ တည်ဆောက်ထားတာ မဟုတ်လား…။
ငါဆွဲလက်စ ဖဲချပ်ဟာ
ငါ့ ဘဝအတွက် အာမခံ လက်ခံထားတဲ့အခါ
အောင်မြင်မှု ပန်းတိုင်နဲ့ အမှန်တရားကလွဲရင်
ဘာနဲ့မှ ကုသလို့မရနိုင်ပါဘူး..
အဲဒီလောက် လျှိုဝှက်တဲ့ ပန်းတိုင်…
ငါရှာနေတုန်း ရုန်းကန်နေတုန်း ကြိုးစားနေတုန်ပေါ့…။
တက္ကသိုလ်မြတ်မင်း