ကွယ်လွန်သူ၏ကိုယ်ရေးအကျဉ်း
ကွယ်လွန်သူ = ကိုသျှား
အသက် = (၂၂) နှစ်
ကွယ်လွန်သည့်နေ့ = ၁၈ . ၅ . ၂၀၁၂
(သောကြာနေ့)
ဘယ်ဘာသာတရားကိုမှ အယုံအကြည်မရှိသူ
သုညတ္တ၀ါဒကို ကွန်မြူနစ်စိတ်နဲ့ လက်ခံထားသူ
မိသားစုကို ဒုက္ခအပေးဆုံးလူသား
မိန်းမတစ်ယောက်ကို သွေးပျက်မတတ်ချစ်ခဲ့မိသူ
ဆူးများတဲ့အနီရင့်ရင့်နှင်းဆီပန်းကို သဘောကျသူ
(သူ့ကိုယ်သူ အဲဒီလို မြင်တယ်)
ပညာတတ်လူမိုက်
(သူ့ကိုယ်သူ ပေးထားတဲ့နာမည်)
ပျော်လွန်းလို့ ဒီအလုပ်ကို လုပ်နေတယ်မထင်ပါနဲ့
ကျွန်တော်က သူဋ္ဌေးမဖြစ်ချင်ဘူး
ကျွန်တော်က လုပ်ငန်းရှင်ကြီးမဖြစ်ချင်ဘူး
ကျွန်တော်က သမ္မတတောင် မဖြစ်ချင်ဘူး
(မကွယ်လွန်မီ ထပ်တလဲလဲ ပြောခဲ့တဲ့စကား)
ကိုယ်မယုံကြည်တဲ့အလုပ်ကို လုပ်တာဟာ
လက်နက်မပါဘဲ တိုက်ပွဲဝင်ခြင်းပဲ
(သူ့ရဲ့အဘိဓမ္မာ)
မရရှိနိုင်မှန်းသိပေမယ့်
မင်းကို ပိုင်ဆိုင်ချင်ခဲ့မိတာ ငါ့ဘ၀၀ဋ်ကြွေးလားရွှေငါးလေး
(သူ့ချစ်သူကို ပြောခွင့်မရခဲ့သောစကား)
ကျွန်တော် မပျော်ဘူးလို့ ကိုယ့်ကိုယ်ကို သိနေတာဟာ ပျော်စရာပါ
ကျွန်တော်ဟာ ပျော်ဝင်ပစ္စည်းမဟုတ်လို့ အရည်ဖျော်မခံရတာ ပျော်စရာပါ
အရည်ဖျော်မခံရတဲ့ကျွန်တော့်မာကျောမှုကို
ကမ္ဘာကြီးရဲ့အလှပဆုံးသမိုင်းဖတ်စာမှာ ကျွန်တော်ကိုယ်တိုင် ရေးထိုးခဲ့ပါတယ်
ကျွန်တော် နားလည်ခဲ့တဲ့မနုဿဗေဒဆိုတာ
ပျားရည်သုတ်လိမ်းထားတဲ့အသွားထက်နှစ်ဖက်ချွန်ဓား
ကျွန်တော် ခံယူခဲ့တဲ့လူ့ဘ၀အဓိပ္ပာယ်ဟာ
မီးရှိရာလာတဲ့ လောင်စာ
နေ့ပြန်တိုးလို တရိပ်ရိပ်တက်နေတဲ့ဝဋ်ကြွေးတွေအတွက်
အသက်ကို ဖဲ့ဆပ်ရခြင်း
ခွင့်လွှတ်တယ် . . .
ကျွန်တော် ရပ်စောင့်ရင်း အမှောင်ကျသွားတဲ့မျှော်လင့်ခြင်းများ
ကျွန်တော် ခူးဆွတ်ရင်း ပုပ်သိုးသွားတဲ့ချစ်ခြင်းသစ်သီးများ
ကျွန်တော် ရယ်မောရင်း မျက်ရည်ကျသွားတဲ့ရှုံးနိမ့်နာကျင်မှုများ
ကျွန်တော် ယုံကြည်ရင်း ဆိတ်သုဉ်းသွားတဲ့အနာဂတ်ခေါ်သံများ
ကျွန်တော် ဆုပ်ကိုင်ရင်း ခုန်ဆင်းသွားတဲ့မေတ္တာရောင်မွတ်သိပ်မှုများ
(ကွယ်လွန်သူ၏သေတမ်းစာမှ ကောက်နှုတ်ချက်)
ဆန်ကုန်မြေလေးပါ
လက်ခုပ်သံဝေနေမယ့် ငါ့ဈာပန
ကဗျာနဲ့ မြေချလိုက်ကြပါ
(နောက်ဆုံးမှာခဲ့တဲ့စကား)
ကိုသျှား
Comment #2
ပျော်ဝင်ပစည်းမဟုတ်လို့အရည်ဖျော်မခံရတာကတကယ်ပျော်စရာပါ။
ခံစားရတဲ့အတိုင်းတွေးတတ်တယ်။တွေးတဲ့အတိုင်းစကားလုံးတွေနဲ့ပုံဖော်နိုင်တယ်။အားကျလိုက်တာ။
Comment #3
ဆန်ကုန်မြေလေးပါ
လက်ခုပ်သံဝေနေမယ့် ငါ့ဈာပန
ကဗျာနဲ့ မြေချလိုက်ကြပါ
(နောက်ဆုံးမှာခဲ့တဲ့စကား)
Comment #4
လှလိုက်တာဗျာ… အရမ်းနှစ်သက်မိသွားသောကဗျာလေးပါ…
လေးစားလျက်
Comment #1
wowwwwwwwwww
how perfect?
real one?