ပံ့သကူ
ဘောင်မ၀င်အလွမ်းတွေ
တဖြုတ်ဖြုတ်ကြွေ
သက္ကရာဇ်တွေပြိုကျ
ပြောပြခွင့်မရလိုက်ဘူး
ငါဘယ်လိုပွင့်လန်းခဲ့ရကြောင်း ။
အသွေးအသားကတပ်မက်
အိပ်မက်တွေတထွေးကြီး
မြိုချခဲ့တာတောင်
တရှိုက်မက်မက်ဆာလောင်မိသေးတယ် ။
မရွာသွန်းလိုက်ရပေမယ့်
တရာသီလုံး အုံ့မှိုင်းခဲ့တဲ့ကောင်ပါ
ကောင်းကင်နံရံကိုစုံကန်
လေထုနဲ့အပေးအယူမမျှခဲ့ဘူး
ငါ့တိမ်စိုင်တွေရေငွေ့တအားနဲတယ် ။
အလျားလိုက် ဒေါင်လိုက်
နင်ဘယ်လိုတိုင်းတာခဲ့လဲ
မကောင်းမှုပေတံရဲ့
ငါ့အကျယ်အ၀န်း ……..
…. ဆယ့်နှစ်လက်မအတိပဲ ။
သစ္စာတရားကိုအန်ထုတ်
မနက်ဖြန်ဒိုင်ယာရီမှာ
သက်ပြင်းတွေ ရွာသွန်းစေဖို့
အများသုံးအိမ်သာလိုလဲကျင့်ကြံခဲ့ဖူးပီ ။
အဲ့ဒီနေ့စွဲတွေကိုလဲ
ဖွင့်သူမရှိ ဖတ်သူမရှိ
သူရူးတယောက်ရဲ့သေတမ်းစာတစောင်လို
ပိက်ကားချခဲ့ချင်တာ ။
နှလုံးသားရဲ့စီရင်ချက်
နင်ကိုယ်တိုင်ကြက်ခြေခတ်တဲ့တနေ့
မျက်နှာကိုပုဝါပါးလေးသားစည်းပေး
ဟော့ဒီ ကြိုးစင်ပေါ်ငါတက်ခဲ့မယ် … ။
လေပြည်တွေတိုးသက်
ပက်ကြားအက် ညနေခင်း
သင်းကွဲငှက်တကောင်ငိုသံ ….
……………….
သစ်ရွက်ကြွေသံ သဲ့သဲ့
သေချာပါတယ် … … …
ငါ့နှုတ်ခမ်းတွေခါးနေမှာသေချာတယ် … ။