ဘဝရဲ့ စာမျက်နှာ
မကျွမ်းကျင်ပဲနဲ့ ဘဝထဲ ခုန်ချလာတယ်..
ကျွမ်းဘား ကျွမ်းလို့လည်း မဟုတ်..
လေထီးလည်း မပါ…
ကံပုံချရာ ကျလာတော့..
ထုံးစံအတိုင်း သစ်ကိုင်းနဲ့ငြိနေတယ်
လက်တလောတော့ မသေဘူး..
အဆက်သွယ် ပြတ်တောက်သွားတယ်..
ညည်းတွားရင်း ဒီခရီး ပြီးဆုံးပါ့မလား…
ထိခိုက်ရင်း မေ့မျော..။
ဖိအားများလို့ ကြောက်သွားပြီ…
ခြေရာကျန်အောင် မစွန့်စားရဲတော့ဘူး
အရင်းနှီးနဲ့ပေးဆပ်ရတာ သိပ်များလွန်းနေမလား..
မတောင်းတပဲ အချိန်တန်ရင်
နုတ်ထွက်ပေးဖို့ လက်ဝါးချင်း ရိုက်နေအုန်းမယ်..
အစကတည်းက ဇာတ်ရှုပ်ပြီးသား
အထဲမဟုတ် အပြင်ကကြည့်
အထင်သား မြင်ရ
လမ်းလျှောက်မှားရင် အသွားမတော် တစ်လှမ်း..။
အနားသတ် မကောင်းတဲ့
ဘဝဝန်းကျင်ထဲက သချာင်္တစ်ပုဒ်က
အီကွေးရှင်း မညီမျှလို့
ချာချာလည် ကမ္ဘာကြီးထဲဝင်ထိုင်
ယိုင်မကျသွားအောင်
ကိုယ့် ခွန်အားလေး ကျစ်ကျစ်ပါအောင် ဆုပ်ထား
တစ်ပုဒ်ပြီး တစ်ပုဒ်
တစ်ခန်းပြီး တစ်ခန်း
တွတ်ချလိုက်တဲ့ သချာင်္ကလည်း
ထပ်ကိန်းတွေများလာတယ်
နောက်ဆုံးခန်း မရောက်တော့ဘူး
နေမဝင်ခင် အထိ….။
ဘာပဲဖြစ်ဖြစ်ပေါ့…
အတ္တတွေ ဖြိုချခဲ့ပါ…
ယိုနေတဲ့ အိမ်အိုထဲမှာ
ငါတို့ ဘဝတွေကို တည်ဆောက်ထားတော့
အဓိပ္ပာယ် မရှိဘူး မထင်လိုက်နဲ့
ကျားကန်ကောင်းရင်
အိမ်သစ်ဆောက်လို့ရတဲ့
စွမ်းအားတွေ ရှိအုန်းမှာပါ
အထိနာခဲ့တာတော့ မမေ့နဲပေါ့…။
ဘဝဆိုတာ တချိန်လုံး တိုက်ခိုက်နေရတာပါ..
နောက်ဆုံးစက္ကန့်ရောက်မှ
အသက်ရှုသံ မကြားလိုက်ပဲ
ဘဝကြိုးဝိုင်းထဲက ထွက်ခွာတာမျိုး
သမိုင်းစာမျက်ပြင်မှာ မရှိစေနဲ့….
ခွန်အားတွေအပြည့်နဲ့ ရှေ့တက်ခဲ့..။
တက္ကသိုလ်မြတ်မင်း
Comment #1
ကြိုက်မိတယ်ဗျာ… စာပိုဒ်တိုင်းသဘောကျတယ်…