ပြဿဒါးကြိုးနဲ့ လက်ပြန်တုပ်ခံခဲ့ရတဲ့နေ့တွေ
အိမ်ရဲ့အငွေ့အသက်ဟာ လေထဲမှာ ငါးကြော်နံ့လို ပျံ့လွင့်လာတယ်
အိပ်တန်းပြန်ငှက်တွေကို မနာလိုဖြစ်မိမှာ စိုးလို့
ညနေဆည်းဆာကို မော့မကြည့်ရဲဘူး
မျက်ဝန်းထောင့်စွန်းဆီ လွင့်ဝဲလာတဲ့တိမ်တစ်စ
ဆွေးရိပ်နဲ့ မှိုင်းညို့နေတာ မြင်ရတယ်
လက်ဘက်ရည်အစအနတွေပေါ် ဘ၀တစ်ခုလုံး ခြေစုံပစ်နားလိုက်ချင်လို့
ခွက်ကို လက်ထဲကအချ စောင့်မျှော်နေတဲ့ယင်တစ်ကောင်လို
ကျွန်တော့်အပြန်လမ်းဆိုတာ ခပ်မျှင်းမျှင်းပွတ်ဆွဲနေရတဲ့ဖဲတစ်ချပ်
သံစုံဂီတတွေ မြူးကြွစည်ကားနေတဲ့မြို့ပြဆိုပေမယ့်
ကိုယ့်ကိုယ်ကို အလင်းဖြာအောင် ဘယ်လိုဂါထာမန္တန်နဲ့မှ မန်းမှုတ်လို့ မရ
ကျွန်တော့်ရှေ့မှာ တသွင်သွင်စီးဆင်းနေတဲ့လမ်းမဟာ
ညိုညစ်ညစ်သွေးပုပ်တွေလား
အပြိုင်မောင်းနှင်နေတဲ့ယာဉ်ကြီးယာဉ်ငယ်တွေဟာ
မြင်ကွင်းထဲ ခွေးသေကောင်တွေလိုပေါလောမျောဝင်လာရဲ့
ကျွန်တော်က စက်ရုပ်တစ်ရုပ်မဟုတ်တော့ လွမ်းရကောင်းမှန်း သိတာပေါ့
အမှောင်စို့စို့ညတွေကို ထိုးခွဲပြေးထွက် အမေ့ရင်ခွင်ထဲ ၀င်ပုန်းလိုက်ချင်တယ်
ဟင်းလင်းပွင့်အဓိပ္ပာယ်တွေထဲကနေ
ရုပ်ပျက်ဆင်းပျက် ငေါထွက်နေတဲ့ခြောက်သွေ့မှုဟာ အရိုးပြိုင်းပြိုင်း
လူသူစည်ကားရာအရပ်မှာ ကျွန်တော်တစ်ယောက်တည်း လူခြေတိတ်နေတယ်
ကိုသျှား
Comment #2
ပြဿဒါးကြိုးနဲ့ ကင်းလွတ်ပါစေ . . 🙂
Comment #1
ကျွန်တော်က စက်ရုပ်တစ်ရုပ်မဟုတ်တော့ လွမ်းရကောင်းမှန်း သိတာပေါ့
အမှောင်စို့စို့ညတွေကို ထိုးခွဲပြေးထွက် အမေ့ရင်ခွင်ထဲ ၀င်ပုန်းလိုက်ချင်တယ်