နက္ခတ်တိုက်ပွဲ
အလျှံညီးညီးလောင်ကျွမ်းမှ
ထွန်းလင်းရမယ်တဲ့လား
နွေကောင်းကင်မြူတွေဆိုင်း
ထိုတချိန်က…ငါလည်း
ကြယ်တလုံးဖြစ်ခဲ့ဖူးပါရဲ့ ။
တိမ်လွှာကောက်ကြောင်းတွေရဲ့ နောက်
အမှီမလိုက်နိုင်ခဲ့ လို့
ကောင်းကင်ထောင့်တနေရာမှာ
ငိုကြွေး …
ဒီလိုနဲ့ … ထိုင်နေလိုက်တာ
ရောင်စဉ်တွေခမ်းခြောက်တဲ့အထိ … ။
ဖျစ်ညှစ်တောင့်ခံထားတဲ့
လက်တစုံ … မဖြူစင်နိုင်ခဲ့ဘူး
လမိုင်းမကပ်တဲ့အတိတ်ခါးခါးထဲမှာ
အဆိပ်ကိုမှရွေးသောက်မိတာကိုး
အိမ်မက်တွေကိုကျောသပ်
တဆစ်ဆစ်ထုံကျင်နေတဲ့
နှုတ်ခမ်းအစုံနဲ့ ဖွဖွလေး နမ်းလိုက်တယ်
…ကောင်ကင်ယဉ်ကျေးမှု
အလွမ်းကင်းကင်းထွန်းကားနိုင်ပါစေ ။
မနက်ခင်းနဲ့ငါ့အသက်ရှူသံအကြား
ဘယ်သူခလုတ်ပိတ်လိုက်တယ်မသိဘူး
အံလွဲမှုတွေတလဟောစီးဆင်း
ဘ၀က …
ပုံသေနည်းတအားဆန်တယ် ။
နီယွန်ညတွေအလုအယက်
ပြေးလွှားကျော်တက်
အလင်းတန်းအတောင်တွေဖြန့်လို့
အားကောင်းမောင်းသန်မာန်တ၀င့်ဝင့်
သွားနှင့်ကြကွယ်
ခမ်းခမ်းနားနားကျရှုံးချင်တဲ့
ဟော့ဒီငနဲ ဘယ်သူ့ကိုမှ
တံခါးဖွင့်မကြိုဆိုချင်သေးသမျှ
ကိုယ့်စာမျက်နှာတွေ ကိုယ်ရေးနေရဦးမယ်
(တတ်သလောက်မှတ်သလောက်)
ထိုင်နေကျခုံဟောင်းလေးပေါ်မှာ ။
လင်္ကာမချောရင်နေပါစေ
မုသားမသုံးချင်တော့ဘူး
အလျှံညီးညီးလောင်ကျွမ်းမှ
ထွန်းလင်းရမယ်မှန်း(စောစောကတည်းက)သိခဲ့ရင်
မီးသီးတောင်မဖြစ်ချင်ခဲ့ဘူး ။ ။
Comment #2
ကျွန်တော်ကြိုက်တယ်
Comment #1
ဒီတိုက်ပွဲက ကောင်းကင်စော်နံတယ် . .