စံပယ်တွေ ပွင့်မဲ့နေ့
ရေးလက်စ ကဗျာတကြောင်းရယ်…
ပြောလက်စ စကားတခွန်းရယ်…
ထားလက်စ သစ္စာတရားရယ်…
ပြီးတော့ … ချစ်လက်စ ချစ်ခြင်းတွေရယ်…
မပြီးဆုံးခင်နေ့ထိ…
ငါ တယောက်တည်း အဆုံးမသတ်တိုင်
မိုက်မဲနေတုန်းပေါ့….။
ငါ့မိုးရာသီထဲက…ရာဇဖွားလေးရေ
တ၀ုန်းဝုန်းရွာချနေတဲ့
ဒီမိုးရေစက်တို့ရဲ့ လွတ်ရာ
နင်ပြေးဝင်ခိုမဲ့ထီးရိပ်ကလေး ငါဖြစ်ပါရစေတော့…။
အခုတော့…
တသက်စာ ဟောစာတမ်းမှာ
တစ်ဂဏန်းအကျိုးပေးမယ်ပြောလာတိုင်း
ခပ်ဝါးဝါးပြုံးနေခဲ့ရပြန်ပြီ…။
ချစ်ခြင်းတို့မရှိသော အရပ်မှာသာ
ငါနေပျော်ပါတယ်…
ဒီမုသားအတွက် အပြစ်ဖြစ်လိုက ဖြစ်စေ…။
မြောက်ပြန်လေညှင်းတို့
သင်တို့နှင့်အတူ ယူဆောင်လာသော
သူ၏ချစ်ခြင်းအား ..
သင်တို့နှင့်အတူ ပြန်လည်ခေါ်ယူသွားပါ…
လက်ဆောင်အဖြစ်
အလွမ်းဖြင့် ငွေ့ရည်ဖွဲ့အပ်သော အရပ်အား
ညွှန်ပြပါလေ….။
နင်ဟာ ငါ့ရဲ့ …
မတီးခတ်လိုက်ရတဲ့ န၀မြောက်တေးသွား…
ကျောင်းဆင်းလမ်းက ဆွတ်ပျံ့တဲ့ စကားပွင့်…
ပြီးတော့…
ငါ့ဝိဥာဉ်ရဲ့ နာမ၀ိသေသနလည်း ဖြစ်ပြန်တယ်…။
တလောကလုံး စံပယ်တွေပွင့်မဲ့နေ့…
နင့်ကဗျာတိုင်းရဲ့
နောက်ဆုံးစာကြောင်းဖြစ်ချင်ခဲ့တာ ငါပေါ့..။
အဲဒီနေ့…
နင်ရယ် ငါရယ် Rock ဂီတရယ်…
အမှောင်ထောင့်ချိုးမှာ လဲနေမဲ့
ချစ်ခြင်းသံစဉ်တွေရယ်…
ငါတို့မဖတ်ဖြစ်သေးတဲ့
သစ္စာနီရဲ့ ပိုလျှံနေမဲ့ ၀ါကျတွေရယ်…
…….….……………………………….ရယ်
………………………………………………………..
……………………………………………..ရယ်
…………………………….
………….
နားလည်မှု နောက်ဆုံးဖယောင်းတိုင်ကို
ငါတို့အတူတူ ထွန်းမယ်…။
Comment #2
တလောကလုံး စံပယ်တွေပွင့်မဲ့နေ့…
နင့်ကဗျာတိုင်းရဲ့
နောက်ဆုံးစာကြောင်းဖြစ်ချင်ခဲ့တာ ငါပေါ့..။
………………
အရမ်းကြိုက်တယ်ဗျာ
Comment #1
Gud !!!! 🙂